သယံဇာတအကျိုးခံစားခွင့်ကို ပြည်နယ်ထံပေးဖို့ အဆို ရခိုင်လွှတ်တော်မှာ ဆွေးနွေးမည်
2017.11.28
ရခိုင်ပြည်နယ်ကနေ ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ပြည်နယ်ကနေ စီမံခန့်ခွဲပြီး အကျိုးအမြတ်ထက်ဝက်ကို ခွဲဝေအသုံးပြုခွင့်အပါအဝင် နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ဒေသခံတွေရဲ့အခွင့်အရေးကို စီမံဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
အဆိုကို တင်သွင်းခဲ့တဲ့ ပေါက်တောမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ရခိုင်ဒေသဖွံ့ဖြိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ သဘာဝသယံဇာတ အကျိုးအမြတ်တွေကိုပါ ခွဲဝေခံစားခွင့်ပြုဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
"ကျနော်တို့ရဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အခု ရခိုင်ပြည်နယ်ကထွက်ရှိနေတဲ့ သယံဇာတ ရရှိနေတဲ့ အကျိုးအမြတ်အပေါ်က ပေးမှသာလျှင် တကယ်ထိရောက်မယ်လို့ ကျနော်က ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ တကယ့် ဖွံ့ဖြိုးတိုးတက်ရေးတစ်ခုကို လုပ်မယ်ဆိုရင် တခြား အလှူငွေတွေ၊ အခု ပြည်ထောင်စုကလာတဲ့ ဘတ်ဂျက်အနည်းငယ်လေးလောက်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လိုအပ်တဲ့အထိ အကောင်အထည်ဖော်နိုင်ဖို့ နှောင့်နှေးမှာပေါ့နော်။ ဒါကြောင့် ဒီသယံဇာတ အလျှံအပယ် ထွက်နေတဲ့ မြန်မာနိုင်ငံဘတ်ဂျက်ထဲကို ဝင်နေတဲ့ ဒီငွေကြေးတွေကို တစ်စုံတရာ ကျနော်တို့ဒေသကို ခွဲပေးဖို့ လိုပါတယ်။ အဲဒီမှသာလျှင် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ"
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သဘာဝသယံဇာတတွေအားလုံးကို ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲခွင့်ရှိ တာဖြစ်ပေမယ့် အစိုးရရဲ့လုပ်ပိုင်ခွင့်ကိုအသုံးချပြီး နှစ်စဉ်ဘဏ္ဍာငွေတွေခွဲဝေချပေးရာမှာ သယံဇာတ အကျိုးအမြတ်ငွေတွေကို ခွဲဝေချထားပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကနေ တစ်နေ့ကိုဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ကို တရုတ်နိုင်ငံ ကို နေ့စဉ်တင်ပို့နေပြီး မြန်မာအစိုးရအနေနဲ့ အဲဒီစီမံကိန်းကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်အထိ ရရှိနေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရက နှစ်အလိုက်ခွဲဝေချထားပေးတဲ့ ငွေကြေးပမာဏဟာ တစ်နိုင်ငံလုံး နှစ်အလိုက်ဘဏ္ဍာငွေရာထားချက်ရဲ့ ၁ ရာခိုင်နှုန်းတောင်မရှိတဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ရပိုင်ခွင့် ကို ပြည်ထောင်စုအစိုးရအနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ကိုလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက လွှတ်တော်မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်မယ့်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးသွားဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။