ရခိုင်ပြည်နယ် ထွက်သမျှ ရခိုင်ပြည်သူတွေ ပိုင်ဆိုင်ခွင့် ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြမယ်
2016.06.04
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတအားလုံးကို ရခိုင်ပြည်သူတွေ ပိုင်ဆိုင်ခွင့်ရရှိရေး အတွက် ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က အချက် ၆ ချက်ပါတဲ့ မူဝါဒ ဆိုင်ရာအကြံပြုချက်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီမူဝါဒဆိုင်ရာအကြံပြုချက်တွေကို ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်းသွားမယ်လို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇေယျကျော်က ပြောပါတယ်။
"အခုလာမယ့် ၂၁ ရာစုပင်လုံညီလာခံ၊ အဲ့ညီလာခံမှာ တိုင်းရင်းသားတွေရဲ့သယံဇာတတွေနဲ့ ပတ်သက်ပြီးတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အတူ ၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြတောင်းဆိုသွားမှာဖြစ်ပါတယ်ခင်ဗျာ"
အဲဒီမူဝါဒ (၆) ချက်ထဲမှာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်တွေမှာရှိတဲ့ ရေ၊ မြေ၊ သဘာဝ၊ သယံဇာတတွေဟာ ပြည်သူတွေရဲ့ ပိုင်ရှင်ဖြစ်တယ်ဆိုတာကို ပြဌာန်းပေးဖို့၊ ပြည် နယ်မှာရှိတဲ့ သဘာဝသယံဇာတတွေအပေါ် ပြည်နယ်အစိုးရတွေက ဥပဒေပြဌာန်းရေးဆွဲပိုင်ခွင့်ရှိဖို့နဲ့ အဲဒီဥပဒေကိုအတည်မပြုမချင်း သယံဇာတတူးဖော်ရောင်းချမှုတွေကို ရပ်ဆိုင်းထားဖို့ စတာတွေပါဝင် ပါတယ်။
ဒါ့အပြင် ပြည်နယ်ထဲက သယံဇာတတူးဖော်ထုတ်လုပ်ရောင်းချတာကရရှိတဲ့ ဘဏ္ဍာငွေတွေနဲ့ အခွန် အခတွေကို ပြည်နယ်အစိုးရက တိုက်ရိုက်ကောက်ခံ ပိုင်ခွင့်ရှိရမှာဖြစ်ပြီး သယံဇာတတူးဖော်မှုတွေနဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ မဆောင်ရွက်ခင် ပြည်သူတွေရဲ့ ဆန္ဒကိုရယူဖို့ စတဲ့ အချက် တွေလည်း ပါရှိပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေက ကိုယ် စားလှယ်တွေပါဝင်တဲ့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ် ဝန်းကျင်ဆိုင်ရာကွန်ရက်နဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ စစ်တွေမြို့မှာ ဒီနေ့ဆွေးနွေးပြီး အဲဒီမူဝါဒဆိုင်ရာ အကြံ ပြုချက်မူကြမ်း (၆) ချက်ကို အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
လက်ရှိ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ထွက်ရှိတဲ့ သဘာဝ သယံဇာတတွေအားလုံးကို ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲခွင့်ရရှိထားတာဖြစ်ပါတယ်။