ဒုက္ခသည် နေရာချမယ့် အစီအစဉ် လူမှုအဖွဲ့တွေ ကန့်ကွက်


2018.02.24
rakhine-state-cso-meeting-622.jpg ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံပွဲကို စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေပြန်လာမယ့် မွတ်စလင်တွေကို ရခိုင်ပြည်နယ် မောင်တောတောင်ပိုင်းဒေသမှာ ပြန် လည်နေရာချထားမယ့် အစီအစဉ်ကို လက်ခံမှာမဟုတ်ကြောင်း ရခိုင်တပြည်နယ် လုံးက လူမှုအဖွဲ့အစည်းတွေက စစ်တွေမြို့မှာ ဒီနေ့ဆွေးနွေးပြီး ဆုံးဖြတ်လိုက်ကြပါတယ်။

အဲဒီဒေသမှာ တိုင်းရင်းသားတွေလုံခြုံမှုရှိတဲ့ ရပ်ဝန်းတစ်ခုကို ဖန်တီးဖို့လိုအပ်တာကြောင့် အခုလို ဆုံးဖြတ်လိုက်ကြ တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်နေတဲ့ စစ်တွေမြို့ အရပ်ဘက်လူမှု အဖွဲ့အစည်းများ ကိုယ်စားပြု ကော်မ တီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်က ပြောပါတယ်။

"တကယ်လို့ အဲဒီနေရာမှာ နေသင့်ပါတယ်လို့ ဝင်လာတဲ့ ဘင်္ဂလီတွေကို ထားလိုက်လို့ရှိရင် တဘက်က ခိုးဝင်လာမယ့်သူတွေကို ဖိတ်ခေါ်နေသလိုဖြစ်တယ်။ သူတို့ အင်အားများလာလို့ရှိရင် ကျနော်တို့ သမိုင်းစဉ် တလျှောက်လုံးမှာ တိုင်းရင်းသားတွေဟာ ဘယ်လိုမှ အသက်အိုးအိမ်၊ စည်းစိမ် လုံခြုံမှု မရှိတော့ဘူး။ အဲဒါကြောင့် တိုင်းရင်းသားတွေ လုံခြုံမှုရှိတဲ့ ရပ်ဝန်းတစ်ခုကို ကျနော်တို့ ဖန်တီးဖို့ လိုအပ်တယ်။ အဲဒါကြောင့် ကျနော်တို့ ဒီတောင်းဆိုချက်ကို တောင်းဆိုကြတာပါ"

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ စတဲ့ ရခိုင်ပြည်နယ် မြို့နယ်အားလုံးက ကိုယ်စားလှယ် ၆၀ လောက်ဟာ စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်မှာ ဒီနေ့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးဆုံးဖြတ်ချက်တွေကို အစိုးရထံ တင်ပြသွားမယ်လို့ သိရပါတယ်။

မောင်တောတောင်ပိုင်းဒေသမှာ တိုင်းရင်းသားတွေ လုံခြုံစိတ်ချစွာ လုပ်ကိုင်စားသောက်နိုင်ရေးနဲ့ အခြေချနေထိုင် တဲ့သူတွေ ပိုမိုများပြားလာဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့မှာ ဆန္ဒပြသူတွေကိုရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲရလဒ်တွေကို စစ်တွေမြို့ ဘုရားကြီးသိမ်မှာ မနက်ဖြန် လူထုရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး ချပြသွားမယ်လို့လည်း ဦးစိုးနိုင်က ပြောပါတယ်။

မောင်တောနဲ့ မြောက်ဦးအရေးကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ ဆွေးနွေးပွဲကို စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာပြု လုပ်ဖို့ ဆွေးနွေးပွဲကျင်းပရေးကော်မတီက အစိုးရထံကနေ ခွင့်တောင်းခဲ့ပေမယ့် ခွင့်မပြုခဲ့တာကြောင့် စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။