ပိုလျှံငွေ ကျပ် ၁၃ ဘီလီယံ ပြည်ထောင်စု အစိုးရထံ ပြန်အပ်


2014.08.24
rakhine-session-305 ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သြဂုတ်လ ၂၂ ရက်နေ့က ကျင်း ပပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
Photo: Min Thine Aung / RFA

ပြီးခဲ့တဲ့၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည် နယ်ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုအစိုးရက ချပေး ထားတဲ့ ဘဏ္ဍာငွေကျပ် ၁၀၉ ဘီလီယံထဲက ပိုလျှံတဲ့ ၁၃ ဘီလီယံကျော်ကို ပြည်ထောင်စုအစိုးရထံ ပြန် လည်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပိုလျှံလို့ ပြန်အပ်တဲ့ ဘတ်ဂျက်ငွေကိစ္စနဲ့ပတ်သက် ပြီး ရခိုင်ပြည်နယ် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ရခိုင်ပြည်နယ်လွှတ်တော်ထံ အစီရင်ခံစာတင်သွင်းခဲ့ တာ ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။

"အဓိကကတော့ ၂၀၁၃-၂၀၁၄ မှာ ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာပါဝင်ရေး ကျနော်တို့ ဝန်ကြီးဌာန ၂၅ ခုရှိပါတယ်၊ အဲ့ဒီ ၂၅ ခုရဲ့ အသုံးစရိတ်အနေနဲ့ တစ်နှစ်ပတ်လုံးအတွက်နေ ပြီး ပြည်ထောင်စုအစိုးရက ၁၀၉ ဘီလီယံ ခွင့်ပြုချက်ကျပါတယ်၊ ဒီ ၁၀၉ ဘီလီယံအတွင်းက အဲ့လို အသုံးစရိတ် အသုံးကျတဲ့အချိန်မှာ ပိုလျှံလာတဲ့ငွေတွေပါ၊ ၁၃.၁၈ ဘီလီယံကို ပြည်ထောင်စုအစိုးရ ကို ပြန်အပ်လိုက်ရတဲ့ သဘောမျိုး ဖြစ်ပါတယ်"

ပြည်ထောင်စုအစိုးရထံ ပြန်အပ်လိုက်ရတဲ့အထဲမှာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ လမ်းတံတားပြုပြင်ရေးဦးစီးဌာနရဲ့ ပိုလျှံငွေက အများဆုံးဖြစ်ပြီး ကျပ်ငွေ ၁၁ ဘီလျံအထိရှိခဲ့ကြောင်း သိရ ပါတယ်။

ရခိုင်ပြည်နယ်အစိုးရရဲ့ တစ်နှစ်တာ ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ဒီနှစ်မှာ ပထမဆုံးအကြိမ် အဖြစ် ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ကျပ်ငွေ ၁၃ ဘီလျံအထိ ပိုလျှံခဲ့တာဟာ ပြည်ထောင်စုအစိုးရက ဘတ်ဂျက်ချထားပေးတဲ့ အချိန်နောက် ကျခြင်းကြောင့်ဖြစ်ကြောင်း ပြည်နယ်ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဝန်ကြီးက ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဖြေရှင်းချက်ပေးခဲ့တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကလည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုအစိုးရ ကနေ ချပေးထားတဲ့ ဘတ်ဂျက်ထဲက ကျပ်ငွေ ၄ ဘီလျံလောက်ကို ပြန်လည်အပ်နှံခဲ့ရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။