ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်
2014.04.27

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးစတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက် ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။
ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင် နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။
"ညီလာခံက သူတို့မျော်လင့်ချက်နဲ့ သဘောထား အမြင်တွေ ပြောကြတဲ့အခါမှာ ရခိုင်ရဲ့စီးပွားရေး သဘောအရ ချွတ်ခြုံကျနေတဲ့ ရခိုင်တွေရဲ့ အကြောင်းနဲ့ပြီးရင် ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီးတော့ ပြောနေကြတဲ့အကြောင်းတွေနဲ့ အထူးသဖြင့် သဘောထားအမြင်တွေများပါတယ်ခင်ဗျ ၊နောက်တော့ တချို့တွေကလည်းပဲ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ဆိုတဲ့ ဖက်ဒရယ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေလည်းပဲ သဘောထားတွေထဲမှာ ပါတယ်ခင်ဗျ"
ဒါ့အပြင် စာရေးဆရာ ဖေမြင့်နဲ့ ဆရာ ကျော်ဝင်းတို့ကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီအကူးအပြောင်းနဲ့ ရခိုင်ပြည်နယ်အရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောခဲ့ကြတယ်လို့လည်း သိရပါတယ်။ မနက်ဖြန် ညီလာခံဒုတိယနေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်၊ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း စတဲ့ ကဏ္ဍတွေကို ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဒီကနေ့ စပြီး မေလ ၁ရက်နေ့အထိ ကျင်းပမယ့် ရခိုင်အမျိုးသားညီလာခံ ကို ပြည်ထောင်စုဝန်ကြီးတွေ အပါအဝင် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စုစုပေါင်း တစ်ထောင့် တစ်ရာကျော်လောက် တက်ရောက်ဆွေးနွေးနေကြပါတယ်။
ဒီညီလာခံအကြောင်း ANP ပါတီဒုဥက္ကဌ ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
MPC အဖွဲ့မှ ဦးလှမောင်ရွှေကို ဒေါ်ခင်ခင်အိ မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။