ရက္ခိုင့်တပ်တော် (AA) ကို ဖိအားပေးကြဖို့ နိုင်ငံတကာကို ရိုဟင်ဂျာအဖွဲ့တွေ တိုက်တွန်း
2024.05.22

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အဓမ္မနေရပ်စွန့်ခွာခိုင်းမှုတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို လိုက်နာစေဖို့အတွက် ရက္ခိုင့်တပ်တော် (AA) ကို နိုင်ငံတကာက ဖိအားပေးကြဖို့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက မေ ၂၁ ရက် မနေ့က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) အပါအဝင် နိုင်ငံတကာက ရိုဟင်ဂျာအဖွဲ့အစည်း ၂၈ ခုက ပူးပေါင်းတောင်းဆိုခဲ့တာပါ။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအပါအဝင် လူအဖွဲ့အစည်းအားလုံးကို နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ရောက်ရှိစေဖို့အတွက် AA အပါအဝင် ဘင်္ဂလာဒေ့ရှ်အစိုးရတို့ကိုပါ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဓမ္မနေရပ်စွန့်ခွာခိုင်းမှုတွေကို အဆုံးသတ်ရေး AA ကို တိုက်တွန်းဖို့နဲ့ ကုလလုံခြုံရေးကောင်စီမှာ လက်ရှိပဋိပက္ခအခြေအနေအပေါ် အရေးပေါ် အစည်းအဝေးခေါ်ယူဖို့ ဗြိတိန်အစိုးရကိုလည်း ဒီထုတ်ပြန်ချက်ကတစ်ဆင့် တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)၊ မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ကလည်း လက်ရှိပဋိပက္ခ အခြေအနေကို စုံစမ်းစစ်ဆေးပေးဖို့ BROUK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာစစ်တပ်က အကူအညီပေးရေးကိစ္စတွေကို ကန့်သတ်ထားတာကြောင့် စစ်တပ်ထိန်းချုပ်မှုက လွတ်ကင်းတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနယ်မြေတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖွင့်ပေးဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ရိုဟင်ဂျာ အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။
မေ ၂၂ ရက် ဒီနေ့မှာလည်း ရခိုင်ဒေသနဲ့ တစ်နိုင်ငံလုံးက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ရိုဟင်ဂျာ လူမျိုးစုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပုံရိပ်တွေကို နိုင်ငံရေးနဲ့စစ်ရေး လိုအပ်ချက်အတွက် အသုံးချနေတာကို ချက်ချင်းရပ်ဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၉၄ ဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာနေအိမ်တွေကို AA တပ်ဖွဲ့ဝင်တွေက မေလ ၁၇ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့လည်း AA ကို တောင်းဆိုထားပါတယ်။
ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ သဘောထားကိုသိနိုင်ဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဒီနေ့မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ရက္ခိုင့်တပ်တော် (AA) ရဲ့ မေ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိကြောင်းနဲ့ လူမျိုးဘာသာမရွေး ကူညီကယ်ဆယ်မှုတွေ လုပ်ပေးနေကြာင်း ဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်က စစ်သင်တန်းတွေပေးထားတဲ့ မွတ်ဆလင်တွေက ကျူးလွန်နေကြတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) ကတော့ ရခိုင်ပြည်နယ်မှာ ရရိုဟင်ဂျာတွေအပေါ် ဆက်လက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေဟာလည်း ပိုဆိုးလာတယ်လို့ ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။