ဖမ်းဆီးခံ ကျေးရွာသား ၁၀ ဦး မိသားစုနှင့် တွေ့ဆုံခွင့်မရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စံကားတောင်ရွာ မီးရှို့မှုနဲ့ ပတ်သက်ပြီးတော့ စစ်တွေအကျဉ်းထောင်အတွင်းမှာ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ နဂရာကျေးရွာသား ၁၀ ဦးကို ထောင်ဝန်ထမ်းတွေက မိသားစုတွေနဲ့ တွေ့ဆုံခွင့် မပေးကြောင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေရဲ့ မိသားစုဝင် တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက RFA ကိုပြောပါတယ်။

2012.06.20
sittwe-nazi-fire-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။
RFA

ဦးသိန်းထွန်းက "တွေ့ဆုံခွင့်ရဖို့အတွက် ကျွန်တော်တို့ ထောင်ထဲကို သွားတယ်။ သွားပြီးတော့ ထောင်ဝန်ထမ်းတွေကို မေးတယ်။ သူတို့ကတော့ စစ်ဆေးနေတဲ့ ကာလဖြစ်လို့ တွေ့ခွင့်မရဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ကတော့ အမှန်တရားပေါ်အောင်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ မူလအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ခံစားရတယ်။ အဲဒီပြဿနာဖြစ်တာက၊ အဲဒါနဲ့ ကျွန်တော်တို့က ဒီကျွန်တော်တို့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို အမှန်တရားဖြစ်အောင်၊ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုရအောင် ကျွန်တော်တို့က ပါတီတွေနဲ့သော်လည်းကောင်း၊ နိုင်ငံတကာနဲ့သော်လည်းကောင်း အကုန်လုံး ဝိုင်းဝန်းပြီးတော့၊ ပြောပြီးတော့ အမှန်တရားတစ်ခုဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ကျွန်တော့အနေနဲ့ စဉ်းစားထားပါတယ်" လို့ ပြောပါတယ်။

ဇွန်လ ၁၆ ရက်နေ့က စံကားတောင်ရွာ မီးရှို့ခံရပြီးတဲ့နောက်မှာ အဲဒီနေ့ ညနေပိုင်း နဂရာကျေးရွာသားတွေက သူတို့ရဲ့ကျေးရွာဘုန်းတော်ကြီးကျောင်း လုံခြုံရေးအတွက် ကင်းစောင့်နေကြစဉ် တပ်မ (စခက-၉) က ဒုတိယဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်တဲ့ စစ်သား ၁၀ ယောက်နဲ့ ညနေ (၆) နာရီလောက်မှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

နဂရာကျေးရွာက ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေမှာ ၁။ အေးမောင်( ၃၇ နှစ်)၊  ၂။ စောလှထွန်း (၃၀ နှစ်)၊  ၃။ အောင်ကျော်သာ(၃၂ နှစ်)၊  ၄။ ကျော်ဌေး (၃၃ နှစ်)၊  ၅။ ထွန်းစံအောင်( ၄၀ နှစ်)၊  ၆။ မြင့်ရွှေ (၂၈ နှစ်)၊  ၇။  အောင်ထွန်းသာ(၄၅ နှစ်)၊  ၈။ မောင်တင်ညို (၂၆ နှစ်)၊  ၉။ လှထွန်းသာ(၃၅ နှစ်)၊  ၁၀။ ကျော်ဝင်းလှ (၃၀ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့သူတွေကို လွန်ခဲ့တဲ့ ဇွန်လ (၁၇) ရက်နေ့ ညမှာ စစ်တွေ အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေက သွားရောက်တွေ့ဆုံဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဒီကနေ့အထိ တွေ့ဆုံခွင့် မရရှိသေးကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။