အကြမ်းဖက်မှု ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
2012.06.06
အဲဒီကြေညာချက်မှာ ၂၀၁၂ ခုနှစ် မေလနဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေတဲ့ လူစုလူဝေးနဲ့ အုပ်စုဖွဲ့ပြီး ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုတွေ၊ မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုဖွဲ့ရိုက်နှက် သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီဖြစ်စဉ်တွေအပေါ် ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေး၊ ဥပဒေနဲ့အညီ အရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။
ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ဥက္ကဋ္ဌ အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒု ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းတို့နဲ့အတူ အဖွဲ့ဝင် (၁၂) ဦး ပါဝင်ကြောင်း သိရပါတယ်။
ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတွေနဲ့အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြအစီရင်ခံရမယ်လို့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။