ညမထွက်ရအမိန့် ချိုးဖောက်သူ ၆၀ ကို ထောင်ဒဏ်ချ

အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ညမထွက်ရ အမိန့်ကို ချိုးဖောက်မှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ ရခိုင် တိုင်းရင်းသား ၆၀ လောက်ကို ပြည်နယ်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက ဖော်ပြပါတယ်။

2012.08.23
sittwe-riot-police2-b305 ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခမှုများဖြစ်ပေါ်နေစဉ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ စစ်တွေမြို့တွင်း ကင်းလှည့် စောင့်ကြပ်နေစဉ်။
RFA

ဇွန်လ ၈ ရက်နေ့ ကစလို့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၆ မြို့နယ်မှာ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားခဲ့ပြန်တဲ့ အတွက် ဒီလအစောပိုင်းက နောက်ထပ် မြို့နယ် ၃ ခုမှာလည်း ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ညမထွက်ရ ကာဖျူးအမိန့်ကို ချိုးဖောက်မှုနဲ့ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP အဖွဲ့ဝင် ၄ ဦး အပါအဝင် ထိန်းသိမ်းခံရသူ ရခိုင် တိုင်းရင်းသား ၈၀၀ လောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲက ၆၀ လောက်ကို ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။

RNDP ဗဟိုကော်မတီအဖွဲ့ဝင် ဦးစံလှကျော်ကလည်း ထိန်းသိမ်းခံရသူတွေထဲက အများစုကို ပြန်လွှတ်လိုက်ကြောင်း၊ တချို့ကိုတော့ တရားရုံး ဆိုင်းငံ့အမိန့်နဲ့ နှစ်လလောက် ထိန်းသိမ်း ခံခဲ့ကြရကြောင်း ပြောဆိုပါတယ်။

အလားတူ ရိုဟင်ဂျာဆိုသူ ၁၀ ယောက်လောက်လည်း ထောင်ချခံရကြောင်း၊ တချို့ကို အကြမ်းဖက် ဆူပူအောင် လှုံ့ဆော်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ရရှိကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။