ရခိုင်ပဋိပက္ခ ၁ နှစ်ပြည့် အခမ်းအနားတွေ ကျင်းပ


2013.06.08
rakine-riot-1-year-annivasary-305.JPG စစ်တွေမှာ ဇွန်လ ဂ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပဋိပက္ခ ၁ နှစ်ပြည့် အခမ်းအနားကို တွေ့ရစဉ်
phto: RFA/ Min Thein Aung

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ တစ်နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနား တစ်ခုကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့စစ်တွေမြို့မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

ဒီအခမ်းအနားပြုလုပ်ရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး ကိုစောနိုင်လင်းက RFA ကို အခုလိုပြောပါတယ်။

"သေဆုံးသွားတဲ့ ရခိုင်ပြည်သူပြည်သားတွေ အားလုံးကို ကျနော်တို့က ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်၊ အစီအစဉ်ကတော့ သံဃာ ၉ ပါးကို ဆွမ်းကပ် လှူပြီးတော့ ကျနော်တို့ ကျောင်းသူကျောင်းသားတွေက ရေစက်ချအမျှဝေတယ်"

အလားတူ ဆုတောင်းပွဲမျိုး ဒီကနေ့ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ဓညဝတီကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အသက်ဆုံးရှုံးခဲ့ကြရသူ ရဟန်းရှင်လူတွေအတွက် တစ်နှစ်ပြည့်မြောက်အဖြစ် အမျှပေးဝေ ဆုတောင်းမေတ္တာပို့သတဲ့ပွဲနဲ့ ပတ်သက်လို့  ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က RFA ကိုပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဒီဒုတိယအကြိမ် အကြမ်းဖက်ခံရတဲ့ ပဋိပက္ခတွေဖြစ်တဲ့ ၁ နှစ်ပြည့်တဲ့ အခမ်းအနားတစ်ခုပါ၊ ဆွမ်းကျွေး အမျှဝေပြီးတော့ ကျနော်တို့ဒီမှာ ကျဆုံးသွားတဲ့ ရဟန်းပြည်သူ၊ မိဘပြည်သူတွေကို ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတွေက ဦးစီးဦးဆောင်ပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်”

ဒီအခမ်းအနားကို ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်လည်း တက်ရောက်ခဲ့ပြီး လူတစ်ရာနီးပါး တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။