ခရီးရှည်ချီတက်တဲ့အဖွဲ့ ကျောက်ဖြူ မြို့ကို ရောက်ရှိ


2016.11.27
rakhine-resource-protest-620.jpg ရခိုင်ပြည်နယ်ကထွက်တဲ့ သယံဇာတနဲ့ မြေယာတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိရေးအတွက် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်အဖွဲ့ဝင်တွေ နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်တွေမြို့ကနေ ကျောက်ဖြူမြို့အထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့် ရရှိရေးအတွက် တောင်းဆိုကြသူ လူဦးရေ ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ သတင်းပတ်က စစ်တွေမြို့ကနေ ခရီးရှည် လမ်းလျှောက်ချီတက်လာရာမှာ ဒီကနေ့ သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ကျောက်ဖြူမြို့ကို ရောက်ရှိ ခဲ့ပါတယ်။

လမ်းလျှောက်ချီတက်ခဲ့တဲ့ မြို့ ၉ မြို့မှာ လူထုဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီး ထောက်ခံမှုတွေ ရရှိခဲ့တယ်လို့ ခရီးရှည်ချီတက်ပွဲကို ဦးဆောင်သူထဲပါဝင်တဲ့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကွန်ရက်က ဦးထွန်းကြည်က ပြောပါတယ်။

" ကျနော်တို့က ရခိုင့်သယံဇာတကို ရခိုင်လူမျိုးပိုင်ဆိုင်ခွင့် စီမံခန့်ဆုံးဖြတ်ပိုင်ခွင့် ထုတ်ယူ သုံးစွဲခွင့်ရရှိဖို့ ချီတက်တောင်းဆိုတာပါ။ မြို့တွေကိုဖြတ်ပြီးတော့ လမ်းလျှောက်တယ် ဟောပြောပွဲတွေလုပ်တယ် ဟောပြောပွဲက နေရာ ၂၀ ကျော် ၂၂ နေရာထိ ကျနော်တို့ လုပ်ပါတယ်။"

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သယံဇာတတွေကို ရခိုင်ပြည်သူတွေပိုင်ဆိုင်ခွင့်၊ အကျိုးခံစားခွင့်၊ စီမံဖန်တီးခွင့် ပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကစတင်ပြီး စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး ၊ မင်းပြား၊ အမ်း၊ မအီ၊ ရမ်းဗြဲ စတဲ့မြို့တွေကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ ကျော် ပါဝင်တဲ့ ရခိုင့်သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာကွန်ရက် အဖွဲ့ဝင်တွေ လမ်းလျှောက်ချီတက်ကြ တာဖြစ်ပြီး ကျောက်ဖြူမြို့အထိ လူဦးရေ ၂၀၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။