သယံဇာတ အကျိုးခံစားခွင့်ရရှိဖို့ စစ်တွေကနေ ကျောက်ဖြူအထိ လမ်းလျှောက်တောင်းဆို


2016.11.21
rakhine-resource-protest-620.jpg ရခိုင်ပြည်နယ်ကထွက်တဲ့ သယံဇာတနဲ့ မြေယာတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိရေးအတွက် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်အဖွဲ့ဝင်တွေ နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်တွေမြို့ကနေ ကျောက်ဖြူမြို့အထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သယံဇာတတွေနဲ့ မြေယာတွေကို ရခိုင်ပြည်သူတွေ ပိုင်ဆိုင်ခွင့်၊ အကျိုးခံစားခွင့်နဲ့ ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့် ရရှိရေးအတွက် ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်အဖွဲ့ဝင် ၆၀လောက်က စစ်တွေမြို့ကနေ ကျောက်ဖြူမြို့အထိ လမ်းလျှောက်ချီတက်လှုပ်ရှားမှုကို ဒီနေ့ စတင်လိုက်ပါတယ်။

စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မအီ၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေ ကို ဖြတ်သန်းပြီး လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့ မှာ ကျောက်ဖြူမြို့မှာ လူထုဟောပြောပွဲနဲ့ ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်တယ်လို့ ဦးဆောင်လှုပ်ရှားသူတွေကပြောပါတယ်။

လမ်းလျှောက်ချီတက်လှုပ်ရှားသူတွေ ဖြတ်သန်းသွားရာမြို့နယ်အတွင်းက ပါဒလိတ်၊ အပေါက်ဝ၊ တိမ်ညို၊ ငါးဇင်းရိုင်းချောင်း၊ ကြာအင်းတောင်၊ ယိုးဆနွင်း၊ ကဇူးကိုင်း၊ စနဲ၊ဇင်ချောင်း၊ ဂုံးချွိန် စတဲ့ နေရာပေါင်း ၂၀ လောက်မှာ သယံဇာတပိုင်ဆိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး လူထုဟောပြောပွဲတွေလည်း ပြုလုပ်ကြမယ်လို့ သိရပါတယ်။

ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်ဟာ ရခိုင်အမျိုးသားပါတီအပါအဝင် ရခိုင်ပြည်နယ်မြို့နယ် အသီးသီးက လူမှုအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သယံဇာတ ပိုင်ဆိုင်ခွင့်ရရှိရေးအတွက် ရခိုင်ပြည်နယ် အနှံ့က ဒေသခံတွေရဲ့ လက်မှတ်ပေါင်း သုံးသိန်းကျော်နဲ့ ပြည်ထောင်စုအစိုးရထံ တောင်းဆိုထားပါတယ်။

ဒီနေ့စတင်လိုက်တဲ့ လမ်းလျှောက်ချီတက်လှုပ်ရှားမှုမှာ တိုင်းရင်းသားပြည်နယ်တွေရဲ့ သယံဇာတနဲ့ မြေယာတွေကို ဗဟိုချုပ်ကိုင်မှု ပယ်ဖျက်ပေးဖို့၊ သဘာဝ သယံဇာတတွေကနေရတဲ့ အခွန်အခနဲ့ ဘဏ္ဍာငွေတွေကို ပြည်နယ်အစိုးရ ကနေ ပြည်ထောင်စုအစိုးရကို ခွဲဝေပေးတဲ့ စနစ်ကိုကျင့်သုံးဖို့၊ ရခိုင်ပြည်သူတွေရဲ့ဆန္ဒကို အလေးထားဖို့ စတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက်ကြတာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။