ဖမ်းဆီးခံ ရခိုင် တိုင်းရင်းသားများ ပြန်လွှတ်ရေး သမ္မတထံ စာတင်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြောက်ဦးမြို့ဒေသခံ (၈၀၀) ကျော်က သမ္မတ ဦးသိန်းစိန်ထံ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို လိုက်တယ်လို့ သိရပါတယ်။

2012.06.29

ပဋိပက္ခတွေအတွင်း မိမိတို့ရဲ့ အသက်အိုးအိမ်နဲ့ နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ရခိုင်တိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ သမ္မတထံ ခုလို စာရေးသား တောင်းဆိုရတာ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မြောက်ဦးမြို့ခံ ဦးမောင်ကျော်ဇောက ပြောပါတယ်။

"ကျွန်တော်တို့ အခု သမ္မတကြီးဆီကို အဲလို မေတ္တာရပ်ခံစာ တင်တဲ့ အထဲမှာ ၈၁၃ ယောက်ပါသွားပါတယ်ခင်ဗျ။ ဒီအခု ဖြစ်ပေါ်ခဲ့တဲ့  ပဋိပက္ခတွေဟာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေက စပြီး ဖန်တီးတာ မဟုတ်ပါဘူးခင်ဗျ။ ဘင်္ဂလီတွေက စတင်ပြီးတော့ အကြမ်းဖက်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ ကာကွယ်ခုခံတာပဲ ဖြစ်ပါတယ်။ အဲတာကြောင့် ကျွန်တော်တို့ ရခိုင်အမျိုးသားတွေကို ဖမ်းဆီးထိန်းသိမ်း အရေးယူတာမျိုး မလုပ်ပဲနဲ့ ကာကွယ်စောင့်ရှောက်မှုသာ ပေးစေချင်တဲ့ အကြောင်းပါ"

အခုလို ရခိုင်လူမျိုးတွေကို ဖမ်းဆီးထားတာဟာ မိမိတို့ရဲ့ မြို့၊ ရွာ၊ တိုင်းပြည်နဲ့ အချုပ်အခြာအာဏာကို တိုင်းတပါးသားတို့ မကျူးကျော် မစော်ကားနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဒေသခံ ရခိုင် တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကိုပါ ချိုးနှိမ်ပစ်ရာ ရောက်နေတယ်လို့လည်း အဲဒီတောင်းဆိုချက်ထဲမှာ ရေးသားထားပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသား (၂၀) ကျော်ရှိတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေ ဘက်ကတော့ ဘယ်နှစ်ဦး ဖမ်းဆီးထားတယ်ဆိုတာ ဒီကနေ့အထိ တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။