ရခိုင်မှာ နေရပ်ပြန် စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေးခက်ခဲနေ

2021.10.22
ရခိုင်မှာ နေရပ်ပြန် စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေးခက်ခဲနေ မြောက်ဦးမြို့နယ် လက္ကာကျေးရွာကို ဒုက္ခသည်စခန်းကနေ နေရပ်ပြန်လာကြသူများကို ၂၀၂၁ ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေတဲ့ ကာလအတွင်း စစ်ကောင်စီကနေ နေရပ်ပြန်ခိုင်းတာကြောင့် ဒုက္ခသည်စခန်းကနေ နေရပ်ပြန်သွားကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခုလက်ရှိ ကျေးရွာတွေမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်လို့ နေရပ်ပြန်သွားကြတဲ့ စစ်ဘေးဒုက္ခသည်တွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီကနေ နေရပ်ပြန်သွားမယ်ဆိုရင် မိသားစုတစ်စုကို ငွေကျပ် ငါးသိန်းနဲ့ ဆန်တစ်အိတ်စီထောက်ပံ့ ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် အခုအချိန်ထိ ထောက်ပံ့တာတွေလည်း မရကြသေးသလို လက်ရှိနေထိုင်နေရတဲ့ နေရပ်မှာလည်း မိုင်းအန္တရာယ် ရှိနေသေးတာအပြင် စစ်တပ်က စခန်းချထားတာတွေကြောင့် တောတောင် တွေမှာ လုပ်ကိုင်စားသောက်ဖို့ကလည်း အဆင်မပြေကြဘူးလို့လည်း ဆိုပါတယ်။

မြောက်ဦးမြို့နယ်မှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့တဲ့ လက္ကာကျေးရွာမှာဆိုရင် စစ်ကောင်စီကနေ မီးလောင်သွားတဲ့ နေအိမ်တွေကို ဆောက်လုပ်ဖို့ နေအိမ်တစ်လုံးကို ကျပ်သိန်း ငါးဆယ်နှုန်းနဲ့ ထောက်ပံ့ ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် ၃၅ သိန်းသာ ရရှိသေးတယ်လို့ လက္ကာကျေးရွာက ဦးထွန်းကျော်ဖြူက ပြောပါတယ်။

“အခက်အခဲတွေကတော့ အများကြီးပါပဲ။ အလုပ်အကိုင်တွေကလည်း လုပ်လို့မရဘူး။ အိမ်ဆောက်ဖို့ သိန်းငါးဆယ် ပေးမယ်လို့ ပြောတာကလည်း အကုန်လုံးမပေးသေး။ ဆောက်ရတာကလည်း အဲဒီလောက် ပိုက်ဆံနဲ့ အဆင်မပြေဘူး။ အိမ်ကလည်းဆောက်လို့ မပြီးသေးဘူး။ နေထိုင်ဖို့က အစအစအရာရာ အကုန်လုံး လိုသေးတယ်။ အဆင်မပြေကြတဲ့ လူတွေများတယ်။ နေရပ်ကို ပြန်မယ်ဆိုရင် ငွေငါးသိန်းနဲ့ ဆန်တစ်အိမ် ပေးမယ်ဆိုပြီး နေရပ်ပြန်ဖို့ လက်မှတ်ထိုးခိုင်းတယ်။ ဒါပေမဲ့ အခုအချိန်ထိ မပေးသေးဘူး”

လက္ကာကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၁၆ ရက်နေ့က ရွာအနီးမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လူနေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရတဲ့ ကျေးရွာဖြစ်ပါတယ်။

ကျေးရွာသားတွေဟာလည်း တိမ်ညို၊ ပီပင်ရင်း စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ တခြားနီးစပ်ရာ ကျေးရွာ တွေမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လကမှ စစ်ကောင်စီကနေ နေရပ် ပြန်ခိုင်းတာကြောင့် နေရပ်ကို ပြန်လာကြတာဖြစ်ပါတယ်။

"စစ်တပ်က ညမထွက်ရအမိန့်တွေနဲ့ တောင်ရော ချောင်းရော ဘာမှလုပ်စားလို့မရဘူး။"

အခုလက်ရှိမှာတော့ ကျေးရွာထဲမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးလည်း ပျက်စီးဆုံးရှုံး သွားခဲ့ပြီဖြစ်သလို စစ်ကောင်စီရဲ့အထောက်အပံ့လည်း မရတာကြောင့် နေရပ်ပြန်ပြီးမှ အခက်အခဲ ကြုံနေကြတယ်လို့လည်း ကျေးရွာသားတွေကပြောပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာမှာလည်း ဒုက္ခသည်စခန်းကနေ နေရပ်ပြန်လာကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ကျေးရွာအနီးမှာ တပ်စခန်း ရှိနေသေးတာကြောင့် ညလည်း မထွက်ရသလို တောင်ယာတွေလည်း မလုပ်ကိုင်ရဘူးလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကျေးရွာသားတွေဟာ တောင်ယာနဲ့ ရေလုပ်ငန်းကိုပဲ အဓိက ရှာဖွေစားသောက် နေရတာဖြစ်ပြီး စစ်တပ်က အသွားအလာ ကန့်သတ်မှုတွေကြောင့် အခက်အခဲ ကြုံနေကြရတာလို့ သာစည်ကျေးရွာသား ဦးအေးထွန်းသိန်းက ပြောပါတယ်။

“အခက်အခဲကတော့ ကျွန်တော်တို့ရွာမှာ စစ်တပ်က ညမထွက်ရအမိန့်တွေနဲ့ တောင်ရော ချောင်းရော ဘာမှလုပ်စားလို့မရဘူး။ စစ်တပ်က မတက်ခိုင်းလို့ လယ်အနီးတဝိုက် ဘယ်တောင်မှမလုပ်ရဘူး။ မိုင်းအန္တရာယ်လား ပြည်သူတွေကို မယုံလို့လားတော့ မပြောတတ်ပါဘူး။ တောင်ယာလုပ်စားတဲ့ တောင်ယာသမားတွေကတော့ တစ်ယောက်မှ မတက်ရဘူး။ ချောင်းမှာလည်း ညဆိုရင် ငါးမရှာရဘူး။ ညမရှာရင် ငါးတွေမရဘူး။ ငါးမရရင် မိသားစု စားဝတ်နေရေး အဆင်မပြေပါဘူး။ အဲဒါကြောင့် အခက်အခဲတွေ ကြုံနေရတယ်ပါ”

အိမ်ခြေ ၂၆၀ ကျော်ရှိတဲ့ အဲဒီ သာစည်ကျေးရွာမှာလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလက ရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားတာ၊ ရွာထဲကို လက်နက်ကျည်ကျတာတွေကြောင့် ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန် ဒုက္ခသည်စခန်းနဲ့ အခြားနီးစပ်ရာ ကျေးရွာတွေကို ရွာလုံးကျွတ် နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။

အခုလက်ရှိမှာတော့ မိသားစု ၁၈၀ ကျော်ဟာ နေရပ်ကို ပြန်လာကြတာဖြစ်ပြီး ကျန်တဲ့ မိသားစု ၈၀ ကျော် ကတော့ ဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေကြဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်စဲနေတဲ့ ကာလအတွင်း စစ်ဘေးဒုက္ခသည်စခန်းကနေ စစ်ကောင်စီကနေ နေရပ်ပြန်ခိုင်းတာ၊ ဒုက္ခသည် စခန်းမှာ စားဝတ်နေရေး အခက်အခဲကြောင့် နေရပ်ပြန်သွားကြတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်း ခြောက်သောင်းခန့် ရှိတယ်လို့ ပြောပါတယ်။

သူတို့တွေဟာ စစ်ကောင်စီကနေ ထောက်ပံ့မှုတွေ မရကြသလို မိုင်းအန္တရာယ်တွေ၊ သွားလာရေး အခက်အခဲ တွေအပြင် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ပြောပါတယ်။

“နေရပ်ကို ပြန်တဲ့အခါမှာ ကြုံရတဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ ပြန်တဲ့သူတွေမှာ အခုလက်ရှိ သွားလာမှု အဆင်မပြေတာ၊ စစ်တပ်တွေ အနီးအနားမှာရှိနေတာကြောင့် လုပ်ကိုင်စားသောက်လို့ မရတာ နောက်ပြီးတော့ အန္တရာယ်ကို စိုးရိမ်နေရတာ၊ ညဖက်သွားလာမှုတွေကို ကန့်သတ်ထားတာ၊ ကျန်းမာရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ ကုသမှုအခက်အခဲဖြစ်တာ အစသဖြင့် လူမှုဒုက္ခတွေက အများကြီး ရှိနေတယ်။ ဖြစ်သလို အသက်ရှင်နေရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်”

အခုလို နေရပ်ပြန်စစ်ဘေးဒုက္ခသည်တွေ အခက်အခဲ ဖြစ်နေတာကို စစ်ကောင်စီ အနေနဲ့ရော နိုင်ငံတကာအဖွဲ့ အစည်းတွေ အနေနဲ့ရော သူတို့ဘဝ ရပ်တည်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်တယ် လို့လည်း သူကပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ကောင်စီကတော့ နေရပ်ပြန်စစ်ဘေးဒုက္ခသည်တွေကို ငွေကျပ်ငါးသိန်းနဲ့ ရိက္ခာတွေ ထောက်ပံ့ ပေးထားတယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

“ပြန်တဲ့လူတွေအတွက်တော့ အစိုးရကနေ မိသားစုတစ်စုကို ပိုက်ဆံ ငါးသိန်း ထောက်ပံ့ခဲ့တယ်။ နောက် ဘေးစီမံဌာနက ရိက္ခာတစ်လစာ ပံ့ပိုးတယ်။ ဒါအစိုးရပိုင်းပေါ့။ နောက် WFP ကတော့ နှစ်လစာ ပေးတယ်လို့ မနေ့က ပြောပြလို့သိရတယ်”

နေရပ်ပြန်သွားကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မိမိရဲ့ သဘောဆန္ဒအတိုင်း နေရပ်ကို ပြန်ကြတာဖြစ်ပြီး အဲဒီအပေါ်မှာ ကူညီဆောင်ရွက်ပေးခြင်းသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ူ‌lakka village-mrauk-u
(မြောက်ဦးမြို့နယ် လက္ကာကျေးရွာကို ဒုက္ခသည်စခန်းကနေ နေရပ်ပြန်လာကြသူများ ၂၀၂၁ ဇူလိုင်လ ၇ ရက်နေ့က နေအိမ်များဆောက်လုပ်နေကြစဉ်) Photo: RFA

တခြားကျန်ရှိနေတဲ့စစ်ဘေးဒုက္ခသည်တွေဟာလည်း နေရပ်ပြန်ဖို့ တင်ပြလာကြတာရှိပြီး ဒေသလုံခြုံ စိတ်ချ ရရင် နေရပ်ပြန်ဖို့ စီစဉ်ပေးသွားမယ်လို့လည်း ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးကျော်ညွန့်ကတော့ စစ်ကောင်စီက ငွေကျပ် ငါးသိန်း ထောက်ပံ့ပေးမယ်လို့ ပြောဆိုပေမဲ့ ဒီနေ့အထိ မပေးသေးဘူးလို့ ပြောပါတယ်။

“ကိုယ့်ကျေးရွာကို ပြန်လို့ရှိရင် ငွေငါးသိန်းနဲ့ ဆန်တစ်အိတ် ပေးမယ်လို့ ပြောခဲ့တာရှိတယ်။ လက်ရှိ အခြေအနေက ထောက်ပံ့တာ လုံးဝမရှိသေးပါဘူး။ အခုက ကယ်ဆယ်ရေးက ပေးတဲ့ တစ်လစာကို မျှအောင်ပဲ စားနေရပါတယ်။ တခြားအထောက်အပံ့ဆိုရင် နယ်စပ်ရေးရာဌာနက တစ်ခေါက် လာပေးတာ ရှိတယ်။ ငွေသားလာပေးတာပါ။ လူတစ်ယောက်ကို တစ်နေ့ ငွေကျပ် ၆၀၀ နှုန်းနဲ့။ နောက်အထောက်အပံ့ ကတော့ ရွာမှာ လာပေးတာ ဘာမှမရှိပါဘူး”

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ စစ်တွေရုံးတာဝန်ခံ Ms. Wendy Fleury ကတော့ နေရပ်ပြန်စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ရေးကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဧပြီလကစလို့ ပြည်နယ်စစ်ကောင်ကို တင်ပြဆွေးနွေးနေပြီး အခုအချိန်ထိ ခွင့်ပြုချက်မရသေးဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က RFA ကိုပြောပါတယ်။

ခွင့်ပြုချက်ရမယ်ဆိုရင် နေရပ်ပြန် စစ်ဘေးဒုက္ခသည်တွေအတွက် စားဝတ်နေရေး အခက်အခဲတွေအတွက် ငွေသားနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ၊ မိုးအန္တရာယ် အသိပညာပေးတာတွေ၊ စိုက်ပျိုးရေး မျိုးစေ့တွေနဲ့ ရေရှည်ရပ်တည်နိုင်ရေး အကူအညီတွေကို တဖြည်းဖြည်းထောက်ပံ့ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်လို့ လည်း သူကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလစလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလမှာ တိုက်ပွဲတွေရပ်စဲခဲ့တာပါ။

အဲဒီစစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းသုံးသောင်းကျော် အထိ ရှိခဲ့ပါတယ်။

အခုလက်ရှိတော့ ဒုက္ခသည် တစ်သိန်းကျော် နေရပ်ပြန်သွားကြပေမယ့် နေအိမ်တွေ မီးရှို့ဖျက်စီးခံရတာတွေ၊ မိုင်းအန္တရာယ်တွေနဲ့ ကျေးရွာအနီးမှာ စစ်တပ်က စခန်းချထားတာတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ရှစ်သောင်း ကျော်ရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။