နေရပ်စွန့်ခွာထွက်ပြေးတဲ့ ရခိုင်တွေကို အကာအကွယ်ပေး ဖို့ တောင်းဆိုမည်


2017.07.02
rakhine-refugees-620.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ရခိုင် စစ်ပြေးဒုက္ခသည်တွေကို မေလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေကို ကာကွယ်ပေးဖို့အပါအဝင် အချက်သုံးချက် ကို ပြည်နယ်အစိုးရထံ စာပေးပို့တောင်းဆိုမယ်လို့ စစ်တွေမြို့ ဘုရားကြီးသိမ်တော်ရင်ပြင်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ စစ်တွေဒေသခံ ရဟန်းသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေပါဝင်တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်နယ်အစိုးရကို ရက်ပိုင်းအတွင်း စာပေးပို့တောင်းဆိုသွားမှာဖြစ်ပြီး စာပေးပို့ပြီး ၁၀ ရက်အတွင်း တောင်းဆို ချက်တွေအတိုင်း လုပ်မပေးရင် သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ အဲဒီအစည်း အဝေးကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့ လူမှုအဖွဲ့အစည်း ကိုယ်စားပြုကော်မတီ နာယက ဦးသန်းထွန်းက ပြောပါတယ်။

"စာပေးတဲ့နေ့ကနေ ၁၀ ရက်စောင့်ပေးမယ်။ အစိုးရရဲ့ စီမံဆောင်ရွက်မှုတွေကို အဲဒီ ၁၀ ရက် အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေ လိုချင်တဲ့ ဆန္ဒအတိုင်းသာ မဟုတ်ဘူးဆိုရင်တော့ ဒီအစိုးရဟာ အားကိုးလောက် ဖွယ်အစိုးရ မဟုတ်ဘူး။ ပြည်နယ်အစိုးရဟာ အားကိုးလောက်ဖွယ် အစိုးရ မဟုတ်ဘူး ဆိုပြီးတော့ ဒီအစိုးရကို သပိတ်မှောက်မယ်။ ဘယ်လိုသပိတ်မှောက်မလဲဆိုတဲ့ အစည်းအဝေးကိုတော့ ၁၁ ရက်မြောက်နေ့မှာ ကျင်းပမယ်ပေါ့။"

ဒါ့အပြင် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေကို ပြည်တွင်းကို ဝင်ရောက်ဖို့ လက်ခံမယ်ဆိုရင် နိုင်ငံသားအဖြစ် အထောက်အထားရှိ သူတွေကိုသာ လက်ခံဖို့နဲ့ အစိုးရက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ငွေကြေးထောက်ပံ့ရာမှာ နိုင်ငံသားတွေကိုသာ ထောက်ပံ့ဖို့ စတာတွေကိုပါ စာပေးပို့ တောင်းဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။

စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒီနေ့ အစည်းအဝေးကို စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို စစ်တွေမြို့က ရဟန်းသံဃာတွေနဲ့ ဒေသခံ လူပုဂ္ဂိုလ် ၅၀၀ ဝန်းကျင်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံ တိုင်းရင်းသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးမှုနေတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် "ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသ အကြမ်းဖက်ခံရမှုနဲ့ ဒေသခံပြည်သူများ၏ စိုးရိမ်မှုများအား လေ့ လာစုံစမ်းရေး ကော်မတီ"ကို ပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီ ကော်မတီကို ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဥက္ကဌအဖြစ် ဦးဆောင်ပြီး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒီကော်မတီဟာ ဘူးသီးတောင်-မောင်တောမှာ ဒီနေ့ကစပြီး ကွင်းဆင်းလေ့ လာရေးဆောင်ရွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။