၆ လကြာခဲ့ပေမယ့် ရခိုင်က ဒုက္ခသည်တွေ အခက်အခဲများစွာရှိနေဆဲ
2012.12.07

UNHCR အနေနဲ့ ဒုက္ခသည် ၃ ပုံ ၂ ပုံနီးပါးကို အကူညီတွေပေးခဲ့ပြီး ဖြစ်ပေမယ့် လိုအပ်ချက်တွေက တောင်လိုပုံနေဆဲဖြစ်တယ်လို့ UNHCR ပြောခွင့်ရသူ Adrian Edwards က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
လောလောဆယ် ဒုက္ခသည်တွေဟာ နေရာအနှံ့ဖြစ်ပေါ်ခဲ့တဲ့ ဖျက်ဆီးမှုတွေနဲ့ တင်းမာနေဆဲ အခြေနေတွေကြောင့် ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ဖို့မဖြစ်နိုင်သေးဘုူးလို့လည်း သူကပြောပါတယ်။
အာဏာပိုင်တွေကိုလည်း လုံခြုံစိတ်ချစွာနဲ့ နည်းလမ်းတကျ ဆန္ဒအလျောက် နေရပ်ပြန်နိုင်အောင် ဆောင်ရွက်ပေးနိုင်ရေး ပညာပေးလုပ်ဆောင်နေသလို တဖက်ကလည်း နိုင်ငံသားဖြစ်ခွင့် နည်းလမ်းအားဖြင့် နိုင်ငံမဲ့အိုးအိမ်မဲ့အခြေနေကို ဖြေရှင်းနိုင်ဖို့ တောင်းဆိုနေတယ်လို့လည်း UNHCR ပြောခွင့်ရသူက ပြောပါတယ်။
အခုချိန်အထိ UNHCR အနေနဲ့ ဒုက္ခသည် ၇ သောင်းကျော်အတွက် အမိုးအကာနဲ့အိမ်သုံးပစ္စည်းတွေ ဖြန့်ဝေပေးခဲ့ပြီး နောက်အပတ်မှာ UNHCR ယာယီတဲ အလုံး ၃၅၀၀ ကျော် စစ်တွေမြို့ကို ရောက်လာဖို့ရှိကြောင်း၊ ဒီအကူညီတွေဟာ အောက်တိုဘာလကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်နဲ့ မြေပုံမြို့နယ်တွေက အိုးအိမ်မဲ့သူတွေအတွက် ရည်ရွယ်ထားကြောင်းလည်း သူကပြောပါတယ်။