မြန်မာအစိုးရကို အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဆန္ဒပြ


2019.03.25
rakhine-protest-622.jpg အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြနေကြသော ရခိုင်တိုင်းရင်းသားများ။
Photo: RFA

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲအတွင်း အရပ်သားတွေ သေကြေဒဏ်ရာရတာ၊ ရှေးဟောင်းအမွေအနှစ် မြောက်ဦးမြို့မှာ ပစ်ခတ်တိုက်ခိုက် နေတာတွေအတွက် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေက ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ့တပ်မတော်က အရပ်သားတွေကို တိုက်ခိုက်နေတာတွေရပ်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီပေးမယ့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေကို ဝင်ခွင့်ပြုဖို့၊ မြန်မာ့တပ်မတော်ကို နိုင်ငံတကာက လက်နက်ရောင်းချတာတွေ ပိတ်ပင်ပေးဖို့ ဆိုတဲ့ အချက်တွေ တောင်းဆိုတယ်လို့ Arakan American Community အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းမောင်က RFA ကိုပြောပါတယ်။

ဆန္ဒပြအဖွဲ့ထဲက ကိုယ်စားလှယ် ၄ ယောက်ကို မြန်မာသံအမတ်ကြီး ဦးအောင်လင်းက သံရုံးထဲကို ခေါ်ပြီး တံခါးပိတ်တွေ့ဆုံဆွေးနွေးပါတယ်။ ဆွေးနွေးပွဲမှာ သူ့အနေနဲ့ အရပ်သားအစိုးရကို ကိုယ်စားပြုပြီးတွေ့တာ ဖြစ်တဲ့အကြောင်း၊ အခုလို သံရုံးရှေ့မှာ ဆန္ဒပြတဲ့အတွက် နိုင်ငံသိက္ခာ ထိခိုက်ရတာကြောင့်သူ့အနေနဲ့ စိတ်မကောင်း ဖြစ်ရကြောင်း၊ ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေ အထောက်အထား၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ ရှိရင် သံရုံးကိုပေးဖို့နဲ့ သူကတဆင့် အစိုးရကို တင်ပြပေးမယ်လို့ ပြောဆိုကြောင်း တွေ့ဆုံပွဲ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးခိုင်အောင်ကျော် က RFA ကိုပြောပါတယ်။

အခုလို ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုနဲ့ပတ်သက်လို့ သံအမတ်ကြီးရဲ့ မှတ်ချက်စကားရဖို့ သံရုံးအရာရှိတွေကို RFA က မေးပေမယ့် အကြောင်းမပြန်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။