ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ ဆန္ဒပြတောင်းဆို


2016.04.27
kyauktaw-protest-620.jpg ရခိုင်ပြည်နယ်က စစ်ပွဲတွေရပ်တန့်ပေးဖို့ ကျောက်တော်မြို့က ဒေသခံတွေ ဧပြီလ ၂၇ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပေး ဖို့ ကျောက်တော်မြို့မှာ ဒေသခံ ၁၅၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုတာဖြစ်တယ်လို့ ကျောက်တော် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်အေးစော က ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပေး ဖို့၊ အစိုးရ တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေ ကို ရပ်တန့်ပေးဖို့ စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်မတော် AA နဲ့ဆက်နွယ်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီတောင် စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ 'လောရမ' တောင်တန်းတွေမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ စပြီး တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်စတဲ့မြို့နယ်တွေမှာ ကျေးရွာတွေက ပြောင်းရွှေ့ကြသူ တစ်ထောင်လောက်နီးပါးရှိနေ ပါတယ်။

ဆန္ဒပြပွဲမှာ ကျောက်တော်မြို့နယ် သရက်အုပ်၊ ကွမ်းအုံချောင်း၊ သရက်တပင်၊ မျောက်တောင်၊ သာစည်၊ ပေါက်တော၊ မင်းသားတောင် စတဲ့ ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။