ရခိုင်ဝန်ကြီးချုပ် ဦးညီပု ရွေးကောက်ပွဲအမှုနဲ့ စွဲချက်တင်ခံရ

2022.03.03
ရခိုင်ဝန်ကြီးချုပ် ဦးညီပု ရွေးကောက်ပွဲအမှုနဲ့ စွဲချက်တင်ခံရ ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ စွဲဆိုခံ ထားရတဲ့ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ ပတ်သက်လို့ မတ်လ ၃ ရက် ဒီနေ့မှာ စွဲချက်တင် ခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးကျော်စိုးလင်းက RFA ကို ပြောပါတယ်။

စစ်တွေအကျဉ်းထောင်တွင်း တရားရုံးမှာ စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက် ပေးလို့အပြီးမှာ တရားရုံးကနေ အခုလို ဆုံးဖြတ်လိုက်တာလို့ ရှေ့နေ ဦးကျော်စိုးလင်းက ပြောပါတယ်။

“ဒီနေ့မှာတော့ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်ပေးလို့ အပြီး တရားရုံးက အခုလို ဆုံးဖြတ်လိုက်တာပါ။ ဦးညီပုရော၊ ဦးမင်းအောင်ရော နှစ် ယောက်လုံး စွဲချက်တင်ခံလိုက်ရပါတယ်”

အမှုကို စွဲချက်တင်ခံလိုက်ရတဲ့အတွက် ဝန်ကြီးချုပ် ဦးညီပုနဲ့ ဦးမင်းအောင်တို့ဟာ အမှုကို ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့် မတ်လ ၁၀ ရက်နေ့ကို ရုံးချိန်းလိုက်တယ်လို့လည်း ပြောပါတယ်။

ဦးညီပုနဲ့ ဦးမင်းအောင်တို့ဟာ ရွေးကောက်ပွဲ မဲမသမာမှု ပြုလုပ်တယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ - က နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး တရားစွဲဆို ခဲ့တာပါ။

ဦးမင်းအောင်ကတော့ ဦးညီပုရဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှု ကိစ္စရပ်တွေကို အားပေး ကူညီတယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ -၁၀၉ နဲ့လည်း ထပ်တိုးတရားစွဲခံထားရ ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုဟာ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (ခ) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ အတွက် ထောင်ဒဏ် ကိုးနှစ်၊ စုစုပေါင်း ၁၁ နှစ်နဲ့ ဦးမင်းအောင်ကတော့ ပုဒ်မ - ၅၅ အတွက် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။