ရခိုင် ၅၁ ဦး ခရီးသွားခွင့် တားခံရတဲ့ကိစ္စ သတင်းစာရှင်းလင်း

2018.08.30
rakhine-nrc-press-622.JPG ခရီးသွားခွင့် တားမြစ်ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေ ၂၀၁၈ သြဂုတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းစဉ်
Photo: Kyaw Lwin Oo/RFA

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို သွားကြတဲ့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသား ၅၁ ဦး လမ်းခုလတ်မှာ ခရီးသွားခွင့် တားမြစ်ပိတ်ပင်ခံရတာဟာ  ဒို့တာဝန်အရေး ၃ ပါးကို ချိုးဖောက်တာလို့ ရခိုင်အမျိုးသားရေး လှုပ်ရှားနေကြသူတွေက ပြောကြပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ရခိုင်အမျိုးသားကွန်ရက်ရုံးခန်းမှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခရီးသွားခွင့်တားဆီးခံရသူတွေကို ကူညီပေးနေတဲ့ သိင်္ဂဟ ကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဌ ကိုအမ်းသားကြီး က ပြောတာဖြစ်ပါတယ်။

" ပြောချင်တာက ကျနော်တို့တွေဟာ မြန်မာနိုင်ငံထဲက တိုင်းရင်းသားတစ်ယောက်ပါ၊ ၁၁ မျဉ်းဇောင်း အခုလို မသွားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်က တားဆီးပိတ်ပင်တဲ့သူတွေဟာ ဒို့တာဝန်အရေး ၃ ပါးထဲက ပြည်ထောင်စု မပြိုကွဲရေးတို့ ၊ တိုင်းရင်းသားစည်းလုံးမှု မပြိုကွဲရေးတို့ကိုများ ချိုးဖောက်တာ လားလို့ အတွေးတွေလည်းဝင်နေပါတယ်၊ အဲလိုချိုးဖောက်တယ် ဆိုလို့ရှိရင်လည်း နည်းနည်းလောက်ပြင် ဆင်ကြပါလို့ ဒီပြည်ထောင်စုကြီးမှာ သိုက်သိုက်ဝန်းဝန်းနေလို့ရအောင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အဓိကထားဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်"

သြဂုတ်လ ၂၄ ရက်နေ့က ကျိုင်းတုံကိုသွားမယ့် ရခိုင်တိုင်းရင်းသား ၅၁ ဦးကို  ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ် တာကော်တံတားအနီးမှာရှိတဲ့ ရဲကင်းစခန်းက တားမြစ်ပြီး မှတ်ပုံတင်တွေ သိမ်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီရဲကင်းစခန်းက ခရီးသည်တင်ကား ၇ စီးကို စစ်ဆေးပြီးနောက် ရခိုင်တိုင်းရင်းသား ၅၁ ယောက်ကို ဆင်းနေခိုင်းပြီး ကျန်တဲ့ ခရီးသည်တွေကို ဆက်သွားခွင့်ပြုခဲ့ပါတယ်။

အဲဒီရခိုင်တိုင်းရင်းသားတွေကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ ( စရဖ)က တားဆီးခဲ့တာလို့ ပြောပါတယ်။ ဘာအကြောင်းကြောင့် တားမြစ်တယ်ဆိုတာကို အခုချိန်ထိ အစိုးရက တိတိကျကျ ပြောကြားထားတာ မရှိသေးပါဘူး။

စရဖ က တားဆီးတာဟာ ဥပဒေနဲ့မညီကြောင်း ရှမ်းပြည်နယ်အစိုးရအဖွ့ဲက ရှေ့ဆက်ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတာ စောင့်ကြည်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်တဲ့ ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ ကိုတင်ထူးအောင် ကလည်း ပြောပါတယ်။

၅၁ ယောက်ထဲက ၁၁ ယောက်ဟာ ရခိုင်ကို ပြန်ကြမှာဖြစ်ပြီး ရန်ကုန်ကို ရောက်ရှိလာသူ အယောက် ၄၀ ကိုတော့  ရခိုင်အမျိုးသားကွန်ရက်၊ ရခိုင်ပရဟိတအသင်းတချို့က ကူညီပေးထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။