ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်မပြု


2018.05.29
rakhine-flag-622.jpg ရခိုင်အမျိုးသားအလံကို မြင်ရစဉ်
.

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖဒူကျေးရွာအုပ်စုမှာ မနက်ဖြန်ကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့ ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတဲ့အတွက်ဖျက်သိမ်းလိုက်ရတယ်လို့ ပွဲစီစဉ်သူတွေက ဒီနေ့ ပြောပါတယ်။

မနက်ဖြန်ပြုလုပ်မယ့်အခမ်းအနားမှာ စာပေဟောပြောပွဲအစီအစဉ်ကိုထည့်သွင်းထားတာကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မပေးတာလို့ အခမ်းအနားဦးဆောင်ကျင်းပဖို့စီစဉ်နေတဲ့ မြတန်ဆောင်း ဆရာတော် အရှင်နန္ဒသာရက မိန့်ပါတယ်။

"မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မခံဘူးပြောတယ်။ ဒါပေမဲ့ လက်မခံတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက် ခိုင်ခိုင်မာမာ သူတို့မပေးဘူး။ အခုလည်း လျှောက်လွှာတင်တဲ့ လျှောက်လွှာကို သူတို့ ပြန်ပေးလိုက်တယ်။ စာပေဟောပြောပွဲပါတဲ့အတွက် သူတို့မပေးဘူးလို့ပြောတယ်။ သူတို့က အဓိက ဟောပြောပွဲ ပါတဲ့အတွက် ခွင့်မပြုတာ အဲတစ်ချက်ရယ်၊ နောက်တစ်ချက်က အဲပွဲက ဦးဇင်းလုပ်တဲ့ပွဲဖြစ်နေတယ်။ အဲဒီ အချက်နှစ်ချက် ကြောင့်လို့ ထင်တာပဲ"

မြောက်ဦးမြို့က မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရက သူ့ရဲ့ဇာတိဖြစ်တဲ့ ပေါက်တောမြို့နယ် ဖဒူကျေးရွာအုပ်စုမှာ ရခိုင်အမျိုးသားနေ့ ကျင်းပဖို့ စီစဉ်တာဖြစ်ပြီး မနေ့က ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ သွားရောက်ပြီး ခွင့်ပြုမိန့်လျှောက်လွှာတင်ရာမှာ လက်မခံဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို ဖဒူကျေးရွာအုပ်စုမှာ မကျင်းပဖို့ ဒေသအာဏာပိုင်တွေက ဖိအားပေးတာတွေရှိတဲ့အတွက် အစီအစဉ်တွေကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖဒူကျေးရွာမှာပြုလုပ်မယ့် ရခိုင်အမျိုးသားနေ့ကို စာပေဟောပြောပွဲအပြင် တေးဂီတဖျော်ဖြေပွဲတွေနဲ့ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

မနက်ဖြန်ကျရောက်မယ့် ရခိုင်အမျိုးသားနေ့ အခမ်းအနားတွေကို စစ်တွေမြို့နဲ့ အခြားမြို့နယ်အချို့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက ရသေ့တောင်မြို့မှာပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုကြောင့် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ ဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက်ပိုင်း ဟောပြောပွဲတွေ ကျင်းပပြုလုပ်တာ ကို ဒေသအာဏာပိုင်တွေက ကန့်သတ်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။