ရခိုင်နှင့် မူဆလင်ခေါင်းဆောင်များ လူမျိုးစုနှင့် ပဋိပက္ခအရေး အလေးထားဆွေးနွေး
2012.09.17

(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသား လက္ခဏာ ကပ်ဆိုက်မှုဖြစ်ပြီး ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် အများပါဝင်တဲ့ ဘုံအဖြေတစ်ခု ရှာဖွေတည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
"လူမျိုးရေး ဘာသာရေးဆန်ဆန် ပဋိပက္ခဖြစ်နေတာတွေဟာ တကယ်တော့ Identity crisis လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့အားလုံးက Citizen rights ဆိုတာကို အခြေခံအကျဆုံး ကျွန်တော်တို့ရဲ့ Common ground အဖြစ်နဲ့ရှာပြီးတော့ National identity, ကျွန်တော်တို့ရဲ့ common character ကိုကျွန်တော်တို့ ရှာဖွေတည်ဆောက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Nation building ဟာ ချောချောမွေ့မွေ့နဲ့ အဆင်ပြေလာလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်အမျိုးသားတွေရဲ့ သဘောထားအမြင်တွေကို တင်ပြခဲ့သလို မူဆလင် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာမြင့်သိန်းနဲ့ ဦးကျော်ဝင်းတို့ကလည်း မူဆလင်ဘာသာဝင်တွေရဲ့ သဘောထား အမြင်တွေကို ဆွေးနွေးတင်ပြကြပါတယ်။
ဦးဆောင် ဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ ဦးသူရ (ခေါ်) အနုပညာရှင် ဇာဂနာကလည်း မြန်မာလူမျိုးတွေရဲ့ အမျိုးသားရေး လက္ခဏာကိစ္စတွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
"နမူနာပြောတာပေါ့။ နိုင်ငံသားကတ်မှာ ဗမာမူဆလင်လို့ ရေးတာမျိုး၊ တချို့ဆိုရင် ရခိုင် ခရစ်ယာန်လို့ရေးတာမျိုး၊ ကရင်ခရစ်ယာန်လို့ရေးတာမျိုး ဒါတွေလိုသလား။ ဒါတွေကခွဲခြားနေသလိုပဲ။ နိုင်ငံသားဆိုတာ နိုင်ငံသားပဲ။ သူ့ကိုမွေးတဲ့ဒေသလို့ပါလာရင် တော်ပြီပေါ့။ အဲဒီလိုမျိုးဖြစ်တဲ့ ကိစ္စတွေကို ကျွန်တော်အဓိကထား ဆွေးနွေးတာပါ။ ဒါဟာနိုင်ငံသားဖြစ်တဲ့ ကတ်မှာကိုက ပြဿနာဖြစ်နေပြီလေ။ ဆိုတော့ကျွန်တော်တို့က National Identity ဆိုတာကို ချစ်ပါတယ်။ လိုလည်း လိုချင်ပါတယ်။ ဒီဟာမျိုးတွေက အရေးကြီးပြီ။ ပြန်ဖော်ထုတ်ဖို့လိုပြီ။ သို့မဟုတ် ပျောက်နေရင် ပြန်ဖော်ထုတ်ရမယ်။ မရှိသေးရင် ရှိတာတွေကို ညှိယူရမယ်။ တိုင်းရင်းသားအားလုံးနဲ့ ဆိုတာမျိုးကို ကျွန်တော်တို့ ပြောရဆိုရ ဆွေးနွေးရ ငြင်းလည်း ငြင်းရတယ်ဗျ။ ပျော်စရာကောင်းပါတယ်။ တစ်ခုတော့ အဖြေထွက်လာလိမ့်မယ်လို့ ထင်ပါတယ်"
ဒီဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်ခဲ့ပြီး၊ စာရေးဆရာ ဦးကျော်ဝင်း၊ ကယန်းပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်၊ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ လူမှုရေးရေးရာ ကိစ္စတွေ ပါဝင်ဆောင်ရွက်နေသူ ဦးအောင်ကိုကိုတို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။