ရခိုင်ပြည်နယ်လုံးဆိုင်ရာ သံဃာ့အစည်းအဝေး စစ်တွေမှာ ကျင်းပ
2012.10.19
ဒီအစည်းအဝေးကို ရခိုင်ပြည်နယ် စစ်တွေမြို့ှနယ်အပြင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော အစရှိတဲ့မြို့နယ် (၁၃) မြို့နယ်က မြို့နယ်ကိုယ်စားပြု သံဃာတော်အပါး (၁၀၀) ကျော် တက်ရောက်ခဲ့ကြပြီး၊ မိမိတို့မြို့နယ်တွေက ဒေသခံ တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေကို တင်ပြဆွေးနွေး ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာ သံဃာညီညွတ်ရေး အစည်းအဝေးကို စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က ဦးစီးပြီး ကျင်းပတာဖြစ်ပြီး၊ ဒီအစည်းအဝေး ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်တွေကို အဲဒီရဟန်းတော်များအဖွဲ့ရဲ့ နာယက ဆရာတော် တစ်ပါးဖြစ်တဲ့ အသျှင် စန္ဒာဝရက RFA ကို အခုလို မိန့်ကြားပါတယ်။
"ရခိုင်ပြည်နယ်လုံးဆိုင်ရာ သံဃာညီညွတ်ရေး အစည်းအဝေး ဆိုတာက နံပတ်တစ် - သံဃာများ တမြို့နယ်နဲ့ တမြို့နယ် ကူးလူးဆက်ဆံပြီးတော့ ညီညွတ်ရေးကို ရှေ့ရှုလို့ အစည်းအဝေး ကျင်းပရတယ်။ နောက်တခုက တမြို့နယ်မှာ ဖြစ်လာတဲ့ ပြဿနာကို တမြို့နယ်က ကူညီနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ အစည်းအဝေး ကျင်းပရခြင်း ဖြစ်ပါတယ်။"
အစည်းအဝေးကို ညနေ ၄ နာရီခန့်မှာ အဆုံးသတ်ခဲ့ပြီး၊ သံဃာ့အဖွဲ့အစည်း မရှိတဲ့ မြို့နယ်တွေမှာ စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဖွဲ့စည်းဖို့၊ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ သံဃာ ညီညွတ်ရေး အစည်းအဝေးတွေကို စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ စတဲ့မြို့နယ် ၃ ခုမှာ ၂ လတစ်ကြိမ် ကျင်းပဖို့၊ ပြည်ပနိုင်ငံတွေက ဒေသခံ ဒုက္ခသည်တွေ အတွက် လှူဒါန်းတဲ့အခါ ပြည်နယ်အစိုးရက တစ်ဆင့်သာ လှူဒါန်းဖို့၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကို အမြန် အကောင်အထည်ဖော်ဖို့ စတဲ့ အချက် တွေ အပါအဝင် အချက် (၁၀) ချက်ကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်း အတည်ပြုခဲ့ကြပါတယ်။