ရခိုင်တိုင်းရင်းသားတွေပါဝင်တဲ့ ညီလာခံ ကျင်းပနိုင်ရေး ဆွေးနွေး


2013.06.23

ပြည်တွင်း၊ ပြည်ပက ရခိုင်တိုင်းရင်းသားတွေပါဝင်တဲ့ ညီလာခံ ကျင်းပဖို့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ခေါင်းဆောင်တွေဟာ စစ်တွေမြို့မှာ မြို့ခံတွေနဲ့ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ပါတယ်။

ဒီညီလာခံကျင်းပနိုင်ဖို့ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက RFA ကို အခုလို ပြောပါတယ်။

"ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ သမိုင်းပညာရှင်တွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ အားလုံးပါဝင်တဲ့ညီလာခံ၊ အဲ့ဒီညီလာခံ ဖြစ်မြောက်ဖို့ဆိုတာ မြန်မာပြည်နိုင်ငံရေးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ၊ ဒါကိုအကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့အနေနဲ့ ကျွန်တော်တို့ ဒါကိုလုပ်တာပါ"

မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဦးတည်ဖို့ တိုင်းရင်းသားပေါင်းစုံနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တွေပါဝင်တဲ့ အမျိုးသားညီလာခံတစ်ရပ် ပေါ်ပေါက်ဖို့အတွက်ရည်ရွယ်ပြီး ရခိုင်အမျိုးသားညီလာခံကိုကျင်းပဖို့ ကြိုးပမ်းနေတာလို့ သိရပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို RNDP ပါတီ၊ ALD ပါတီက တာဝန်ရှိသူတွေနဲ့  စစ်တွေမြို့ခံ ၅ဝ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပြီး ရရှိလာတဲ့သဘောထားတွေကို ညီလာခံကျင်းပရေး(ယာယီ) ကော်မတီကို တင်ပြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။