ရသေ့တောင်မြို့တွင် မေယုမြစ်ဝှမ်း ညီလာခံကျင်းပရေး ပင်မကော်မတီဖွဲ့စည်း

မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ဒေသခံ ခေါင်းဆောင်တွေဟာ ရသေ့တောင်မြို့မှာ စုဝေးပြီး မေယုမြစ်ဝှမ်း ညီလာခံလို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို များမကြာခင် ကျင်းပနိုင်ရေးအတွက် ရသေ့တောင်မြို့ အောင်မြေဗောဓိ အလိုတော်ပြည့် ကျောင်းတိုက်မှာ သြဂုတ်လ ၂၂ ရက် မနေ့က နေ့လည်ပိုင်းက မြို့မိမြို့ဖတွေ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

2012.08.22

အဲဒီအစည်းအဝေးကို ရသေ့တောင်မြို့ခံ လူထု ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး မေယုမြစ်ဝှမ်း ညီလာခံ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် လူပေါင်း၂၀ ကျော်ပါဝင်တဲ့ ပင်မကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်လို့ အဲဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ မြို့ခံ ကိုတေးနွယ်အောင်က ပြောပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ဒီပင်မ ကော်မတီမှာ မြို့မိ မြို့ဖတွေအပြင် ဌာနဆိုင်ရာနဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ ပါဝင်ပြီး အဲဒီညီလာခံကို လာမယ့် ရက်သတ္တ နှစ်ပတ်အတွင်း ဖြစ်မြောက်အောင် ကြိုးပမ်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ညီလာခံ ကျင်းပမယ့် နေ့ရက်နဲ့ နေရာကိုတော့ လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ အသေးစိတ် ထပ်မံ ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ဒီညီလာခံမှာ မကြာသေးခင်က ပဋိပက္ခ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော် အပါအဝင် ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ၊ ကျောက်ဖြူ စတဲ့ မြို့အသီးသီးက မြို့မိ မြို့ဖတွေနဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဒေသခံ ရခိုင်လူမျိုးတွေ အဓွန့်ရှည်ရေးနဲ့ ရိုဟင်ဂျာ လူမျိုးတွေရဲ့ လူဦးရေအရ ဝါးမြိုမခံရရေးတို့အတွက် အဓိက အဖြေရှာ သွားမှာ ဖြစ်တယ်လို့လည်း ညီလာခံ ဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောသွားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။