ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး ကန့်သတ်မှု ပြန်လျှော့ပေး

လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ ကျင်းပမယ့် ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးနဲ့ ပတ်သက်ပြီး ကန့်သတ်ခဲ့တဲ့ အချက်တွေကို အာဏာပိုင်တွေက ပြန်လည်အလျှော့ပေးလိုက်ပြီလို့ လူထုအစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီမှာပါဝင်တဲ့ ကိုတေးနွယ်အောင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2012.09.21

"ကျွန်တော်တို့ကို မနေ့က ည ၉ နာရီလောက်မှာ ပြန်ပြီးတော့ ဆွေးနွေးပါတယ်။ သူတို့က အလွတ်သဘောနဲ့ လုပ်မယ်ဆိုရင် အကုန်လုံး အဆင်ပြေပါတယ်။ ဒီဦးလေးတို့ လုပ်မယ့်ဟာကို မကန့်ကွက်ပါဘူး။ ကျွန်တော်တို့က ခွင့်ပြုပါတယ် ဆိုပြီးတော့ ကျွန်တော်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ အခမ်းအနား အစီအစဉ်တွေရော၊ အခမ်းအနား ပြုလုပ်မယ့်နေရာရော အကုန်လုံးအဆင်ပြေ သွားပါတယ်"

ရသေ့တောင်မြို့ပေါ်မှာ ကျင်းပမယ့် ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးမှာ ရခိုင်ပြည်နယ်တစ်ခုလုံးက လူအင်အား ၆၀၀ ကျော်နဲ့ ဟောပြောမယ့်သူ ၂၈ ဦးကို မူလက ခွင့်ပြုထားခဲ့ပေမယ့် မနေ့ မနက်ပိုင်းမှာ အစည်းအဝေး ပင်မကော်မတီကို ခေါ်ယူပြီး လူအင်အား ၂၀၀ နဲ့ ဟောပြောမယ့်သူ ၁၀ ဦးကိုသာ ခွင့်ပြုတော့မယ်လို့ အာဏာပိုင်တွေဘက်က ကန့်သတ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့ခံလူထုအကြား မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အထက်အဆင့်ဆင့်နဲ့ ဆွေးနွေးခဲ့ရာမှာ ဒေသအာဏာပိုင်တွေဘက်က အခုလို ခွင့်ပြုလိုက်တာလို့ ကိုတေးနွယ်အောင်က ပြောပါတယ်။

အဲဒီလူထုအစည်းအဝေးပွဲကို ရသေ့တောင်မြို့ အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။