ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး အာဏာပိုင်ကန့်သတ်
2012.09.20
ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး ပင်မကော်မတီက တာဝန်ရှိသူတွေကို ဒီကနေ့မနက် ၈ နာရီလောက်မှာ အာဏာပိုင်တွေက လာရောက်ခေါ်ယူပြီး အဲဒီလို ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ ပင်မကော်မတီမှာ ပါဝင်တဲ့ ကိုတေးနွယ်အောင်က RFA ကို ပြောပြပါတယ်။
"၂၅၊ ၂၆ နှစ်ရက်တင်တဲ့ ဥစ္စာမှာ ကျွန်တော်တို့ကို (၁) ရက်ပဲ ခွင့်ပြုမယ်ဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ရဲမြို့နယ်မှူးရယ်၊ ပြီးတော့ ဗျူဟာမှူး တစ်ယောက်လည်း ခေါ်ပြောပါတယ်"
လူထုအစည်းအဝေးကို လူအင်အား ၆၀၀ ကျော်နဲ့ စာတမ်းဖတ်ကြားဖို့ လူ ၂၈ ဦးကို ခွင့်ပြုကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က လူထုအစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီနဲ့ အာဏာပိုင်တွေ သဘောတူညီချက် ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ လူအင်အား ၂၀၀ နဲ့ စာတမ်းဖတ်ကြားမယ့်သူ ၁၀ ဦးကိုသာ အာဏာပိုင်တွေက ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အစည်းအဝေး ကျင်းပမယ့် အချိန်ကို မနက် ၈ နာရီက ညနေ ၅ နာရီအထိ ခွင့်ပြုထားတာကိုလည်း နေ့လည် ၁ နာရီအထိ ကန့်သတ်လိုက်တယ်လို့လည်း ဆိုပါတယ်။
ရသေ့တောင်မြို့ပေါ်မှာ ကျင်းပမယ့် ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထု အစည်းအဝေးကို တက်ရောက်ဖို့အတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့က လူထုကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ၊ တတ်သိပညာရှင် တွေကို ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။
ဒီအစည်းအဝေးပွဲဟာ မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်းမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူမျိုးတွေ ကာလကြာရှည်စွာ နေထိုင်နိုင်ရေးအတွက် အဖြေရှာဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။