ရခိုင်ခေါင်းဆောင်များ ဆွေးနွေးပွဲ ချင်းမိုင်မှာ စတင်


2013.12.06
rakhine-leaders-discussion-chiang-mai-305.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာလ ၆ ရက်နေ့ကကျင်းပတဲ့ ရခိုင်အမျိုးသားခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးပွဲ ကို တွေ့ရစဉ်
photo: RFA/ Aung Moe Myint

ရခိုင်အမျိုးသားခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့မနက် ၉  နာရီမှာကျင်းပနေပြီး ပြည်တွင်းပြည်ပ က ရခိုင်အမျိုးသားတွေ အားလုံးပါဝင်တဲ့ ရခိုင်အမျိုးသား ညီလာခံကျင်းပနိုင်ရေးနဲ့ နိုင်ငံရေးစားပွဲပေါ်မှာ အတူတကွ ပူးပေါင်းဆွေးနွေးနိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးနေကြတယ် လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကျင်းပရတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အဖွဲ့က ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်လည်းဖြစ် အစည်းအဝေးကို ဦးဆောင်စီစဉ်သူလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက RFA ကို အခုလို ပြောပါတယ်။

"အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ရခိုင်အမျိုးသားတွေရဲ့ကံကြမ္မာကို ရခိုင်အမျိုးသား အားလုံးစုပေါင်းဖန်တီးဖို့အတွက် သွားတဲ့ လမ်းကြောင်းတစ်ခုကို ကျမတို့ရှာဖွေပြီးတော့မှသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ အကောင် အထည်ဖော် လုပ်ဆောင်လာတဲ့သဘောပဲဖြစ်ပါတယ်။ ကျမတို့ ဒီနေ့ အချိန်အခါမှာဆိုလို့ရှိရင် နိုင်ငံတော် ငြိမ်းချမ်းရေး အတွက်ကို ခေါ်နေတယ်၊ အပစ်အခတ်ရပ်စဲရေးအတွက်ကိုလည်း ခေါ်နေတယ်၊ အဲ့ဒီအချိန်မှာ ကျမတို့ရခိုင်ပြည်အတွက် အလုပ်လုပ်နေကြတဲ့ထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးအပါအဝင် တခြားသောလက်နက်ကိုင်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေသေးတယ်၊ အဲ့ဒီ အဖွဲ့အစည်းတွေဟာ ဆိုလို့ရှိရင် နိုင်ငံရေးစားပွဲပေါ်ကို မရောက်နိုင်သေးဘူး။ ကျမတို့ အားလုံး နိုင်ငံရေး စားပွဲကို ဘယ်လိုရောက်ရှိနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေကြတဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်”

ဒီဇင်ဘာ ၈ ရက်နေ့အထိကျင်းပမယ့် အဲဒီအစည်းအဝေးမှာ ရခိုင်အမျိုးသားတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်ဖို့ကိစ္စ၊ ငြိမ်းချမ်းရေးရှေ့လုပ်ငန်း စဉ်ကိစ္စနဲ့ ပြည်တွင်းပြည်ပပူးပေါင်းပြီး ညီလာခံတစ်ရပ် ခေါ်ယူကျင်းပနိုင်ရေးကိစ္စတွေကို အဓိကဆွေးနွေးသွားမှာဖြစ်ပြီး ဒီကနေ့ ဆွေးနွေး ခဲ့တာတွေနဲ့ ပတ်သက်လို့ ဒေါ်စောမြရာဇာလင်းက အခုလိုဆက်ပြောပါတယ်။

“အထူးသဖြင့် ဆွေးနွေးကြတာကတော့ အခုစားပွဲပေါ်ကို ရောက်နှင့်နေပြီဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရဲ့ ခေါင်းဆောင်မှုနဲ့အညီ ရှေ့ကိုဘယ်လိုသွားမလဲဆိုတဲ့ လုပ်ငန်းတွေကို ကျမတို့ အဓိကထားပြီး စဉ်းစားဆွေးနွေးကြတာရှိပါတယ်။ ပြီးလို့ရှိရင် ပြည်တွင်းပြည်ပ ရခိုင်အမျိုးသား ညီလာခံကြီးတစ်ခုကို ဘယ်လိုခေါ်ဆောင်နိုင်မလဲဆိုတာကို ကျမတို့ အဓိကထားပြီး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ရခိုင်အမျိုးသား တစ်ရပ်လုံးရဲ့ ညီညွတ်ရေးဟာဆိုလို့ရှိရင် အင်မတန်မှ အရေးကြီးပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး မရှိဘူးဆိုလို့ရှိရင် ကျမတို့ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေအတွက် အခက်အခဲရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ရခိုင်အမျိုးသားတစ်ရပ်လုံး ဘယ်လိုနာမည်မျိုးနဲ့ပဲရှိရှိ ရှေ့ကိုသွားရမည့်လမ်းတွေမှာ လက်တွဲညီညီ သွားနိုင်ဖို့အတွက်ကို အဓိကထားပြီးဆွေးနွေးနေကြတာမို့လို့ ဒီအစည်းအဝေးက ကောင်းတဲ့ရလာဒ်တွေ ထွက်လာလိမ့်မယ်လို့လည်း ကျမအနေနဲ့ မျှော်လင့်ပါတယ်ရှင့်”

ဒီဆွေးနွေးပွဲကို နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ ရက္ခိုင့်တပ်မတော် AA ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ ရခိုင်လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေအပါအဝင် မြန်မာနိုင်ငံထဲက ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD နဲ့  ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP တို့က ခေါင်းဆောင်တွေလည်း တက်ရောက်ဆွေးနွေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။