ရခိုင်ပြည်နယ် လယ်ယာမြေပြဿနာ စတင် စုံစမ်းစစ်ဆေးမည်
2012.09.18

ဒီစုံစမ်း စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး အဲဒီကော်မတီမှာ ပါဝင်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို အခုလို ပြောပါတယ်။
"အများအားဖြင့် လယ်သမားတွေဆီက တပ်ကဖြစ်ဖြစ်၊ ဒီကမြို့နယ် အာဏာပိုင်တွေကဖြစ်ဖြစ်၊ လုပ်ငန်းရှင်နဲ့ အာဏာပိုင် ပေါင်းပြီးတော့ဖြစ်ဖြစ် သိမ်းထားတဲ့ လယ်ယာမြေတွေပါ။ လုပ်ထုံး လုပ်နည်းမကျပဲ သိမ်းထားတာ များပါတယ်။ လုပ်ထုံး လုပ်နည်းကျ သိမ်းထားတယ် ဆိုတဲ့နေရာမှာလည်းပဲ တကယ်တမ်း အမှန်တရားကို မျက်ကွယ်ပြုပြီးတော့ သိမ်းထားတာ ဖြစ်နေတယ်။ ကျွန်တော်တို့က နှစ်မျိုးစဉ်းစားတာပေါ့။ ပထမအချက်က လုပ်ထုံး လုပ်နည်းကျရဲ့လား။ ဒုတိယအချက်က သူတို့အနေနဲ့ ငွေနဲ့ အာဏာနဲ့ အဲဒီ လုပ်ထုံး လုပ်နည်း ဂွင်ဝင်အောင် လုပ်ထားတာလား။ အမှန်တရားက ဘယ်လိုနေလဲ။ အဲတာကို ကျွန်တော်တို့က အောက်ခြေအထိ ပြည်သူတွေရဲ့ ဆန္ဒကို သွားပြီး စုံစမ်းမှာ ဖြစ်ပါတယ်"
ဒီစုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ခွဲအနေနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲ စတဲ့မြို့နယ်တွေက သိမ်းယူခံထားရတဲ့ လယ်ယာမြေ ပြဿနာ ၁၃ မှုကို သွားရောက် စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံး အနေနဲ့ လယ်ယာမြေ ပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ဒီကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်မှာ အဖွဲ့ ၉ ဖွဲ့နဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။
ဒီအထဲက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လယ်ယာမြေ ပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင် အဖွဲ့ခွဲမှာတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က လွှတ်တော် ကိုယ်စားလှယ် (၈) ဦး ပါဝင်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် အတွင်းက လယ်ယာမြေ ပြဿနာတွေဟာ ပြည်ထောင်စုလွှတ်တော်က လယ်ယာမြေ စုံစမ်းရေးကော်မရှင် လက်ထဲကို ရောက်ရှိမလာဘဲ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ နိုင်ငံတော် သမ္မတဆီကို တိုက်ရိုက် တိုင်ကြားထားတဲ့ အမှုတွေက ရာချီပြီး ရှိနေတယ်လို့လည်း ဦးဖေသန်းက ဆိုပါတယ်။