ရခိုင်ကမြို့နယ်တချို့ အင်တာနက်အသုံးပြုခွင့်ပြန်ရ


2019.09.01
mobile-tower-622.jpg အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ဇွန်လ ၂၁ ရက်နေ့ကစပြီး အင်တာနက်အသုံးပြုခွင့် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ် မြို့နယ် ရှစ်မြို့နယ်ထဲက တချို့မြို့နယ်တွေမှာ ဒီနေ့ ပြန်အသုံးပြုခွင့်ရတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ဇွန်လ ၂၁ ရက်နေ့ကစပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း အသုံးပြုခွင့် ဖြတ်တောက်ထားတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အင်တာနက် အသုံးပြုခွင့် ရတယ်လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ရခိုင်ပြည်နယ်မှာ အမုန်းစကားပြန့်ပွားတာနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်ဖြစ်လို့ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ တာဖြစ်ကြောင်း၊ အသုံးပြုခွင့်ပြန်ပေးနိုင်ဖို့ စဉ်းစားနေကြောင်း RFA ကို ပြောခဲ့ပါတယ်။

အင်တာနက်လိုင်း အသုံးပြုခွင့် ဖြတ်တောက်ခံထားရတာကြောင့် ဒုက္ခသည်တွေကို အကူအညီပေးရေးနဲ့ သတင်းအချက်အလက်တွေ ရရှိရေးမှာ အခက်အခဲတွေရှိခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။