စရဖ တပ်ဖွဲ့ဝင်တစ်ဦး စစ်တွေမှာ သေနတ်ပစ်ခံရတာကြောင့် သေဆုံး


2018.09.26
winhtike-622 သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရတဲ့ အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ဖွ့ဲ့က တပ်ကြပ် ဝင်းထိုက် ကို တွေ့ရစဉ်
Photo: Moe MIn

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့က ည ၉ နာရီလောက်က စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။

သေဆုံးသွားသူဟာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ဖွ့ဲ့မှာ တာဝန်ကျနေတဲ့ တပ်ကြပ် ဝင်းထိုက် ဖြစ်ပြီး မနေ့က စစ်တွေမြို့လယ် ဝင်္ကဘာကွင်းမှာ ပြုလုပ်နေတဲ့ ပွဲဈေးတန်းမှာ မိသားစုနဲ့အတူ လျှောက်လည်နေစဉ် သေနတ်သမားက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

သေနတ်ကျည်ဆန်ဟာ ဦးခေါင်းကို ဖောက်ဝင်သွားတဲ့အတွက် ဆေးရုံကိုမရောက်ခင်မှာဘဲ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ မိတ်ဆွေတွေက ပြောပါတယ်။

သေနတ်သမားကို ဖမ်းဆီးရမိခြင်းမရှိသေးသလို လုပ်ကြံခံရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးဘူးလို့ ဒေသခံရဲတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ တပ်ကြပ် ဝင်းထိုက်ဟာ စစ်တွေမြို့မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာသေးခင် လက ရန်ကုန်ကို ပြောင်းရွှေ့ တာဝန်ချထားခံခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ AA ရခိုင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီတွေအပေါ် ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားလေ့ရှိတာကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမျိုးသားရေးစိတ်ပြင်းထန်တဲ့ ဒေသခံတွေရဲ့ ခြိမ်းခြောက်ရေးသားမှုတွေကို ခံနေရသူဖြစ်ပါတယ်။

မနေ့က ပစ်ခတ်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တွေမြို့မ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။