ရခိုင်ပြည် အငတ်ဘေးကြုံရမဲ့အရေး ကာကွယ်ဖို့ ကုလအကြီးအကဲကို တိုက်တွန်း

RFA Burmese
2024.12.17
ရခိုင်ပြည် အငတ်ဘေးကြုံရမဲ့အရေး ကာကွယ်ဖို့ ကုလအကြီးအကဲကို တိုက်တွန်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခဲ့စဉ်။
လေးဝတီ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့

ရခိုင်ပြည်နယ်မှာ အငတ်ဘေးကြုံမဲ့အရေးကို ကာကွယ်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ်ကို Burma Campaign UK က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်ကို အကူအညီပေးရေး၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားဖို့ ကုလအကြီးအကဲကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ရခိုင်ပြည်နယ်မှာ လူဦးရေ နှစ်သန်းလောက် အငတ်ဘေးကျရောက်မဲ့ အန္တရာယ် ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားတာပါ။ လာမဲ့နှစ်ဆန်းမှာ ပြည်နယ်တွင်း စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှုဟာ လူဦးရေလိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းအတွက်သာ ဖူလုံနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က “ဒီအကျပ်အတည်းကို တားဆီးတာဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အခန်းကဏ္ဍဖြစ်တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူပေါင်း ခြောက်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး အဲဒီထဲက နှစ်သိန်းခွဲဟာ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုဝင်ရောက်ခွင့်နဲ့ AA ထိန်းချုပ်နယ်မြေတွေဆီ ကုန်သွယ်ခွင့် ကန့်သတ်ထားတာကို ရုပ်သိမ်းဖို့အတွက် မြန်မာစစ်တပ်နဲ့ ညှိနှိုင်းဖို့ ကြိုးပမ်းတာဟာ ဒီအကျပ်အတည်းတွေကို ပြေလည်စေမှာမဟုတ်ဘူးလို့ Burma Campaign UK က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလိုကြိုးပမ်းမဲ့အစား ဘင်္ဂလားဒေ့ရှ်က လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စင်္ကြံတစ်ခု ဖွင့်လှစ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။