မူးယစ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိမှု AA နဲ့ ပတ်သက်တယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်


2019.08.29
rakhine-drug-arrest-622.jpg မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးရမိသူတွေထဲက မခိုင်ခိုင် ကို တွေ့ရစဉ်
Photo: CCDAC Myanmar

ရန်ကုန်ကနေ စစ်တွေမြို့ကို တင်ပို့မယ့် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၂၆ သိန်းကျော်ကို ရန်ကုန်၊ အမ်းနဲ့ မင်းပြားမြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီမူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေထဲမှာ တစ်ဦးဖြစ်တဲ့ မခိုင်ခိုင် ဆိုသူရဲ့ ထွက်ဆိုချက်အရ သူမဟာ ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်စဉ် AA အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ကာ AA အဖွဲ့အတွက် စည်းရုံးလူသစ်စုဆောင်းတာ၊ ရန်ပုံငွေရရှိရေးအတွက် မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ် ဖြန့်ဖြူးတာတွေကို လုပ်ကိုင်ခဲ့ကြောင်း၊ အရင်ကလည်း ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ်တွေကို အသုံးပြုပြီး မူးယစ်ဆေးဝါး တွေ ငါးကြိမ်လောက် ပို့ပေးခဲ့ပြီးဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။

သူဟာ ရန်ကုန်မြို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ အိမ်ငှားနေထိုင်သူဖြစ်ပြီး ကွင်းဆက် တရားခံတွေရဲ့ ဖော်ထုတ်ချက်တွေအရ အခုလို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

သူမရဲ့နေအိမ်မှာဆိုလည်း ဆေးပြား ခြောက်ထောင်ကျော်၊ ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဝင်းက လေးဝတီနဲ့ မင်းထက်သာ ယာဉ်လိုင်းဂိတ်တွေမှာ ဆာလာအိတ်ထဲ အဝတ်အစားတွေနဲ့အတူဝှက်ပြီး စစ်တွေမြို့ကိုပို့ဆောင်မယ့် အိတ်တွေထဲက စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်၊ အမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မင်းထက်သာ ခရီးသည်တင်ယာဉ်ပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၇.၅ သိန်း မင်းပြားမြို့၊ ရာမောင် တံတားကူးနေရာမှာ လေးဝတီ ခရီးသည်တင်ယာဉ်ပေါ်ကနေ စိတ်ကြွရူးသွပ်ဆေး ပြား ခုနှစ်သိန်းခွဲနီးပါးတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

AA နဲ့ပတ်သက်မှုရှိတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး RFA က ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာ မခိုင်ခိုင်ဟာ အရင်က AA တပ်ဖွဲ့ဝင်ဖြစ်ခဲ့ပြီး AA ကနေ တရားဝင်နုတ်ထွက်ထားတာ သုံးနှစ်လောက်ရှိနေပြီဖြစ်ကြောင်း AA နဲ့ ပတ်သက်ဖူးတယ်ဆိုတာနဲ့ ခုလိုမျိုး ခုတုံးလုပ် စွပ်စွဲတာသာဖြစ်ကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။