DMG သတင်းထောက် ကိုထက်အောင် ထောင်ငါးနှစ် ထပ်မံချမှတ်ခံရ

RFA Burmese
2025.01.15
DMG သတင်းထောက် ကိုထက်အောင် ထောင်ငါးနှစ် ထပ်မံချမှတ်ခံရ စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် သတင်းသွားယူနေချိန် ဖမ်းဆီးခံလိုက်ရသည့် DMG သတင်းထောက် ကိုထက်အောင်အား တွေ့ရစဉ်။
Facebook/ Htet Aung

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ပုသိမ်အကျဥ်းထောင် အထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက RFA ကို ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြောပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၉၆ နဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်ပြီး အရင်ကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ငါးနှစ်စီ ချမှတ်ထားတာကြောင့် စုစုပေါင်း ထောင်ဆယ်နှစ်အထိ ကျခံရဖို့ ရှိနေတာပါ။

ကိုထက်အောင်ရဲ့မိခင်ကတော့ သူရဲ့သားကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်။

“ပထမဆုံးတစ်ခေါက် စစ်တွေမှာ ပုဒ်မ ၅၂ (က) နဲ့ သူတို့ကို ထောင်ဒဏ် ငါးနှစ်စီ ချတယ်။ အခု ပုသိမ်းအကျဥ်းထောင် အထူးတရားရုံးကလည်း ထပ်ပြီး ထောင်ဒဏ်ငါးနှစ် ချလိုက်တယ်။ စုစုပေါင်း ဆယ်နှစ် ဖြစ်သွားတာပေါ့။ ကျွန်မအနေနဲ့ လူကြီးမင်းတွေကို ကျွန်မသားလေးကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”

အခုထောင်ဒဏ် ချမှတ်လိုက်တဲ့ ပုဒ်မဟာ လိုင်စင်မရှိဘဲ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်တာတွေလုပ်ရင် အရေးယူနိုင်တယ်လို့ ပြဋ္ဌာန်းထားတဲ့ ပုဒ်မဖြစ်ပြီး အဲဒီပုဒ်မမှာ ပြဋ္ဌာန်းထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ထောင်တွင်းတရားရုံးက ချမှတ်ခဲ့တာပါ။

သတင်းထောက် ကိုထက်အောင်နဲ့ စိုးဝင်းအောင်တို့ဟာ စစ်တွေအကျဥ်းထောင်က တခြားအကျဥ်းသားတွေနဲ့အတူ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ဧရာဝတီတိုင်း ပုသိမ်အကျဥ်းထောင်ကို ပြောင်းရွှေ့ခံထားရတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၅၆ နဲ့ အမှုဖွင့်ခဲ့တာပါ။

အဲဒီနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)နဲ့ ပြောင်းလဲတရားစွဲ ထောင်ချခဲ့တဲ့အပြင် ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၉၆ နဲ့ပါ ထောင်ဒဏ်တွေ ထပ်မံချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Development Media Group (DMG) ရဲ့ အယ်ဒီတာတွေနဲ့ သတင်းထောက် ၁၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားတယ်လို့ သတင်းဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။