ရခိုင်ကော်မရှင်ကို ရခိုင်လူမှုရေးအသင်းအဖွဲ့တွေ ကန့်ကွက်
2016.09.04
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားပညာရှင်တွေကို ထည့်သွင်းဖွဲ့စည်းတာဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်လာနိုင်တဲ့ အတွက် ကန့်ကွက်ကြောင်း ရခိုင်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကော်မတီ (ရန်ကုန်) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်ကိစ္စဟာ လူမျိုးရေး ၊ ဘာသာရေးနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေး ပြဿနာသာ ဖြစ်ပြီး အစိုးရနဲ့ ပြည်တွင်းက ပညာရှင်တွေ ဖြေရှင်းရ မယ့် ကိစ္စဖြစ်တယ်လို့ ရခိုင် အမျိုးသားကွန်ရက်ဥက္ကဌ ဦးတင်ထူးအောင်က ပြောပါတယ်။
"ရခိုင်ပြည်နယ် ကိစ္စဟာ လူမျိုးရေး ကိစ္စမဟုတ်ဘူး။ ဘာသာရေး ကိစ္စမဟုတ်ဘူး။ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြဿနာသာဖြစ်တယ်။ တစ်ဖက်နိုင်ငံက တရားမဝင် ကျူးကျော်ဝင်ရောက်လာသူတွေနဲ့ ဌာနေ တိုင်းရင်းသားတွေကြားမှာ နိုင်ငံသား ဖြစ်မှု၊ မဖြစ်မှုကို မရှင်းလင်းခဲ့လို့ ဖြစ်နေခဲ့တဲ့ ကိစ္စတွေသာ ဖြစ် တယ်။ အဲဒါကြောင့် ဒီဟာကို ဒီနိုင်ငံမှာရှိတဲ့ လက်ရှိအစိုးရအနေနဲ့ ကျွန်တော်တို့ ဒီနိုင်ငံမှာရှိတဲ့ တတ်သိ ပညာရှင်တွေရယ် နောက်ပြီးတော့ ကျတော့ ကျွန်တော်တို့ ကျန်တဲ့ ဘက်မလိုက်တဲ့ အင်အားစုတွေ နဲ့ ဖြေရှင်းညှိနိုင်းပြီးတော့ အဖြေရှာရမယ့်ကိစ္စဖြစ်တယ်"
ရခိုင် ကော်မရှင်အနေနဲ့ ပြဿနာကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှုထောင့်က ကြည့်တာထက် အမျိုးသား လုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွား ရှုထောင့်က ချဉ်းကပ်မှ ဌာနေတိုင်းရင်းသားတွေ ပူးပေါင်းပါဝင်လာမှာ ဖြစ် တယ်လို့လည်း ဦးတင်ထူးအောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ အဖြစ် ဆောင်ရွက်မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ မြန်မာနိုင်ငံကို ရောက် ရှိနေပြီဖြစ်ပြီး လာမယ့် ၆ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ် ပါတယ်။