ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မ ရှင်တွေ့ဆုံပွဲပြုလုပ်မည်


2016.09.18
kofiannan-sittwe-620.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့အဖွဲ့ စက်တင်ဘာလ ၆ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိ လာစဉ်
Photo: Min Thein Aung/RFA

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်အဖွဲ့ဝင်တွေဟာ တပတ်အတွင်း ရန်ကုန်မြို့မှာ လူထုတွေ့ဆုံပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

အဲဒီတွေ့ဆုံပွဲအတွက် ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့် က ပြောပါတယ်။

"ရခိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း လာနိုင်အောင်၊ လူငယ်အဖွဲ့အစည်း တွေလည်း လာနိုင်အောင်၊ အခြားတိုင်းရင်းသားအဖွဲ့အစည်း၊ ပါတီတွေ ဒီလူတွေက အကုန်လုံး သိချင်တယ်ဆိုလို့ရှိရင် ကျွန်မတို့ က ဖြေကြားပေးဖို့ အဆင်သင့်ပါပဲ။ ဒီအတွက်လည်း ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို ကျွန်မတို့ က ဆွေးနွေး နေပါတယ်ရှင့်"

ပထမဆုံးအကြိမ်ပြုလုပ်မယ့် ကော်မရှင်နဲ့ လူထုတွေ့ဆုံပွဲမှာ ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့ ကော်မရှင် အဖွဲ့ဝင် နိုင်ငံခြားသား ၂ ဦး ပါဝင်နိုင်မှာ မဟုတ်ပေမယ့် နောက်ပိုင်း ပြုလုပ်မယ့် တွေ့ဆုံပွဲတွေမှာ ပါဝင်နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီကော်မရှင်မှာ ဥက္ကဌဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်နဲ့ နိုင်ငံခြားသားတွေ ပါဝင်နေလို့ဆိုပြီး နိုင်ငံရေးပါတီတွေနဲ့ ရခိုင်လူမှုအဖွဲ့ အစည်းတွေက ကန့်ကွက်တာတွေ ရှိနေတဲ့အပြင် ရခိုင်ပြည်နယ် လွှတ်တော်ကလည်း အဲဒီ ကော်မရှင်ကို အသိအမှတ်မပြုကြောင်း လွှတ်တော်မှာ ဆုံးဖြတ်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။