ရခိုင် အရပ်ဘက်လူမှုအဖွဲ့များဖိုရမ် လယ်မြေအသိမ်းခံရမှု များ ဆွေးနွေး


2015.12.19
rakhine-cso-forum-620.jpg ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုးရမ် ဒုတိယနေ့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပတဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူမှု အဖွဲ့အစည်းများဖိုရမ်ရဲ့ ဒုတိယမြောက်နေ့မှာ ရခိုင်ပြည်နယ်က လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ သယံဇာတစီမံခန့်ခွဲမှုအပိုင်းတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

သယံဇာတစီမံခန့်ခွဲမှုအပိုင်းမှာ လက်ရှိအကောင်အထည်ဖော်နေတဲ့ ကျောက်ဖြူစီးပွားရေးဇုန်နဲ့ နေပူတောင်က စီမံကိန်းတွေဟာ ဒေသခံတွေအတွက် ပွင့်လင်းမြင်သာမှုရှိရေး အဓိကထားဆွေးနွေး ခဲ့ကြတယ်လို့ ဆွေးနွေးပွဲ ဦးဆောင်ကျင်းပတဲ့ ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။

"မနက်က ဆွေးနွေးတဲ့ဟာမှာတော့ လူငယ်တွေနဲ့ အမျိုးသမီးတွေဟာ နိုင်ငံတော့တည်ဆောက်မှုမှာ ပါဝင်မှုနှုန်းကိုပဲ အဓိကထားပြီးတော့ ဆွေးနွေးမေးမြန်းတာရှိပါတယ်၊ အုပ်စုလိုက်ကျတော့ ကျနော်တို့ မနက်ဖြန်မှာ တစ်နေ့လုံးအုပ်စုလိုက် ဆွေးနွေးတဲ့အစီအစဉ်ပါခင်ဗျ၊ အခုက သဘာဝသယံဇာတနဲ့ ဥပမာ ရခိုင်ပြည်နယ်က နေပူတောင်ကိစ္စတွေ၊ ကျောက်ဖြူအထူးစီးပွားရေးဇုံမှာ လယ်ယာမြေတွေကို အစိုးရကနေ ပြီးတော့ လွှတ်တော်မှာတင်တာပေါ့၊ တကယ်ဆိုရင် ဒေသခံပြည်သူတွေက ဘာမှသိမနေဘူး၊ အဲ့ဒီအကြောင်းတွေကို ဆွေနွေးကြပါတယ်ခင်ဗျ"

မနက်ဖြန်မှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်၊ လူငယ်နဲ့ပညာရေး၊ မူးယစ်ဆေးဝါးနဲ့အလုပ်အကိုင် အခွင့်အလမ်း ၊ နိုင်ငံသား၊ နိုင်ငံသားအခွင့်အရေးနဲ့ ဒေသတွင်း ပဋိပက္ခအခြေအနေစတဲ့ အချက်တွေကို စကားဝိုင်းအဖြစ်နဲ့ အပြန်အလှန်ဆွေးနွေးကြမှာဖြစ်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ စတင်ပြီး ၃ ရက်ကြာကျင်းပနေတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အနှံ့က အဖွဲ့အစည်းပေါင်း ၁ဝဝ ကျော်တက်ရောက် ဆွေးနွေးနေ ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ ရရှိထွက်ပေါ်လာတဲ့ အချက်အလက်တွေနဲ့ လာမယ့်အစိုးရသစ်အပေါ်မှာ ရခိုင်လူမှု အဖွဲ့အစည်းတွေရဲ့ မျှော်လင့်ချက်တွေကို အစီရင်ခံစာတစ်စောင် ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။