ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၄၀ ကျော်ရှိလာ

2021.07.19
ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၄၀ ကျော်ရှိလာ စစ်တွေပြည်သူ့ဆေးရုံကို စက်တင်ဘာလ ၈ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာတစ်ဦး သယ်ဆောင်လာစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က ထပ်မံသေဆုံးသူ လေးဦး ရှိခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၄၁ ဦးအထိ ရှိလာနေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာနက ဒီနေ့မနက် ၈ နာရီက ရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

မနေ့က ဇူလိုင်လ ၁၈ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သံတွဲမှာ တစ်ဦး၊ တောင်ကုတ်မှာ နှစ်ဦးနဲ့ မောင်တောမှာ တစ်ဦး၊ စုစုပေါင်း လေးဦးရှိခဲ့တာပါ။

ဒါ့အပြင် မနေ့က ပိုးထပ်တွေ့သူ ၇၄ ဦးရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကနေ မနေ့က ဇူလိုင်လ ၁၈ ရက်နေ့အထိ ပိုးတွေ့ရှိသူပေါင်း ၁၄၃၆ ဦးအထိ ရှိနေပါတယ်။

အဲဒီအထဲက လူပေါင်း ၃၇၂ ဦးဟာ ဆေးရုံက ဆင်းသွားပြီဖြစ်လို့ ကျန်တဲ့ လူပေါင်း ၁,၀၂၃ ဦးကတော့ ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိမှု တစ်စတစ်စ မြင့်တက်လာနေတာကြောင့် ဒေသအာဏာပိုင် တွေက အသွားအလာ ကန့်သတ်မှုတွေ ပြုလုပ်နေသလို နှာခေါင်းစည်း မတပ်သူတွေကိုလည်း ငွေဒဏ်ရိုက် အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

စစ်တွေမြို့မှာဆိုရင် အများပြည်သူ အပန်းဖြေနေရာဖြစ်တဲ့ ကမ်းနားလမ်း၊ ဗျူးပွိုင့်နဲ့ စစ်တွေကမ်းခြေတွေကို စနေ၊ တနင်္ဂနွေနေ့တွေမှာ ပိတ်ထားပါတယ်။

ဒါ့အပြင် နယ်မြို့တွေမှာ အောက်ဆီဂျင် လိုအပ်ချက်များလာနိုင်တဲ့အတွက် အောက်ဆီဂျင်စက်ရုံတွေ တည်ဆောက်ဖို့ ဒေသခံတွေက အရေးတကြီး ပြင်ဆင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။