ရခိုင်ပြည်သူတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ AA တိုက်တွန်း

2021.08.27
ရခိုင်ပြည်သူတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ AA တိုက်တွန်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၂၁ ဇူလိုင်လ ၄ ရက်၊ ကိုဗစ်အသိပညာပေး နှာခေါင်းစည်း တွေဝေငှခဲ့စဉ်
Photo: RFA

ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိနေသေးတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အခွင့်အရေးရ ကာကွယ်ဆေးအမြန်ဆုံးထိုးကြဖို့ကို ရက္ခိုင့်တပ်တော် (AA) က သြဂုတ်လ ၂၆ ရက်နေ့ မနေ့က ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးထားတာဟာ ပိုးကူးစက်မှုခံထားရရင်တောင် ရောဂါပိုးကို အကောင်းဆုံးခုခံကာကွယ် နိုင်ပြီး အသက်အန္တရာယ် သေဆုံးမှုကိုလည်း လျော့ပါးစေသလို မိမိအတွက်သာမက၊ မိမိဝန်းကျင်၊ တိုင်းပြည်နဲ့ ကမ္ဘာကြီးအတွက်ပါ ကိုဗစ်ဘေးကနေ အကောင်းဆုံး ကြိုတင်ကာကွယ်မှုဖြစ်တယ်လို့လည်း ရက္ခိုင့်တပ်တော် (AA) က ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့လည်း ကာကွယ်ဆေးရရှိရေးနဲ့ ရခိုင်ပြည်သူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါဟာ ကူးစက်မှုတွေရှိနေဆဲဖြစ်သလို တစ်ဘက်နိုင်ငံအချို့မှာ ကိုရိုနာ ဗိုင်းရပ်စ် ဗီဇပုံစံပြောင်း မျိုးကွဲအသစ်တွေ ထပ်မံတွေရှိနေတာတွေ့ရပြီး စတုတ္ထလှိုင်းစတင်မယ့် အလား အလာမြင်တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ မိမိအိမ်ထဲမှာပဲနေထိုင်ကြဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး စည်းကမ်းတွေကိုလိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကာအတွင်း ရက္ခိုင့်တပ်တော် (AA) ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကစလို့ သြဂုတ်လ ၂၅ ရက်နေ့အထိ Stay At Home ကာလအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဲဒီ ရက်သတ္တပတ် ၅ ပတ်ကာလအတွင်း ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာခဲ့တဲ့ ရခိုင်ပြည်သူ တွေကို ရက္ခိုင့်တပ်တော် (AA) နဲ့ မှတ်တမ်းတင်ဂုဏ်ပြုပြီး လေးလေးနက်နက် ကျေးဇူးတင်ကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေဟာ လျော့ကျသွားပေမယ့် ဒီနေ့အထိရှိနေဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ စာရင်းတွေအရ မနေ့ကတစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၃ ဦးနဲ့ သေဆုံးသူ လေးဦးရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်း ကာလအတွင်း သေဆုံးသူ စုစုပေါင်း ၃၈၁ ဦးနဲ့ ကူးစက်ခံရသူ ၃၉၃၉ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။