စစ်တွေမှာ ကိုယ်ဝန်ရှစ်လနဲ့ ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး သေဆုံး

2021.07.28
စစ်တွေမှာ ကိုယ်ဝန်ရှစ်လနဲ့ ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး သေဆုံး စစ်တွေဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကို ၂၀၂၁ ဇူလိုင် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Nar Ray Sittwe

ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ဆေးရုံမှာ ကိုယ်ဝန်ရှစ်လလွယ်ထားရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး ဇူလိုင် ၂၈ ရက် ဒီနေ့မနက်က သေဆုံးသွားခဲ့တယ်လို့ စစ်တွေမြို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးသန်းရွှေက RFA ကို ပြောပါတယ်။

ပေါက်တောမြို့နယ် မြောက်ပြင်ကျေးရွာက အသက် ၃၁ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒီနေ့ မနက်မှာပဲ သူ့ရဲ့အလောင်းကို စစ်တွေသုသာန်မှာ သင်္ဂြိုဟ်လိုက်ပြီလို့လည်း သူက ဆိုပါတယ်။

အခုလို စစ်တွေဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ကိုယ်ဝန်ဆောင်အမျိုးတစ်ဦး သေဆုံးတာနဲ့ ပတ်သက် လို့ စစ်တွေ ဆေးရုံအုပ်ကြီး ရခိုင်ပြည်နယ် ကုသရေးဦးစီဌာနမှူး ဒေါက်တာကြည်လွင်ကို RFA က ဆက်သွယ် ခဲ့ရာမှာ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကတော့ စစ်တွေဆေးရုံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးတာကိုကြားသိရပြီး စစ်တွေဆေးရုံကနေ အသေးစိတ် အချက်အလက်တွေတော့ ဌာနဆီရောက်မလာသေးဘူးလို့ ဆိုပါတယ်။

စစ်တွေမြို့မှာ ဇူလိုင် ၂၈ ရက် ဒီနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာသေဆုံးသူ အဲဒီကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် သုံးဦးရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးကူူးစက်ခံရလို့ သေဆုံးသူ မနေ့က ဇူလိုင်လ ၂၇ ရက်နေ့အထိ ၁၂၈ ဦးနဲ့ ပိုးကူးစက်ခံရသူ ၂၄၃၃ ဦး ရှိတယ်လို့ ဇူလိုင် ၂၈ ရက် ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။