ရခိုင်မှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ထပ်မံကူးစက်ခံရသူ လေးဦးအထိရှိလာ

2021.07.01
ရခိုင်မှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ထပ်မံကူးစက်ခံရသူ လေးဦးအထိရှိလာ ရခိုင်ပြည်နယ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ရန်ကုန်ကနေပြောင်းလာတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား နယ်ခြား စောင့် ရဲဝန်ထမ်း နှစ်ဦးမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ ဘူးသီးတောင် ဆေးရုံအုပ်ကြီး ဒေါက်တာ စောမင်းသိန်းက RFA ကို ဒီနေ့မနက်က ပြောပါတယ်။

သူတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ဘူးသီးတောင်မြို့ကို သင်္ဘောနဲ့ ရောက်ရှိလာတာဖြစ်ပြီး အနံ့မရတော့လို့ဆိုပြီး ဆေးရုံကို လာပြတဲ့အခါမှာ အခုလို စစ်ဆေးတွေ့ရှိတာလို့လည်း ဒေါက်တာ စောမင်းသိန်းက ပြောပါတယ်။

“အနံ့ပျောက်လို့ဆိုပြီး ဆေးရုံကို လာပြတဲ့အခါမှာ တွေ့တာပါ။ သူတို့ နှစ်ဦးက နယ်ခြားစောင့် ဝန်ထမ်းတွေပါ။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးပြီးသားလို့ ပြောပါတယ်”

သူတို့နဲ့အတူ လိုက်ပါလာတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင် စုစုပေါင်း ၃၀၀ ကျော်ရှိပြီးတော့ အခုလက်ရှိ သူတို့အားလုံးကို ဘူသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာ သီးသန့်စောင့်ကြပ်ထားပြီး စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့မှာလည်း အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး(CoviShield) ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသား မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနဲ့ အဲဒီရုံးရဲ့ ဝန်ထမ်းတစ်ဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ထားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ပြည်နယ်ကုသရေးမှူး ဒေါက်တာ ကြည်လွင်က ပြောဆိုထားပါတယ်။

အဲဒါကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နှစ်ကြိမ်လုံးထိုးပြီးသား ပိုးတွေ့လူနာ လေးဦးအထိရှိသွားပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို တတိယလှိုင်းအဖြစ် ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကစလို့ ဘင်္ဂလား ဒေရှ့်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်သွားလာသူတွေကနေ စတင်တွေ့ရှိခဲ့တာပါ။

ရခိုင်ပြည်နယ် ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့အထိ အဲဒီနယ်စပ်ကုန်သွယ်ရေး ကနေ ကုန်ကူးသွားလာနေတဲ့သူတွေကို သီးသန့်စောင့်ကြည့်ရာကနေ ပိုးတွေ့လူနာ ၈၀ ဦး၊ သံတွဲမြို့မှာ ၂၇ ဦး၊ မောင်တောမြို့မှာ ၁၅ ဦး၊ စစ်တွေမြို့မှာ လေးဦး စုစုပေါင်း ၁၂၆ ဦးနဲ့ သေဆုံးသူ တစ်ဦးရှိသွားပြီပြီလို့ သိရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။