ရခိုင်အကြံပြုချက်တွေထဲက အကျိုးရှိမယ့် အချက်တွေပဲ ဆောင်ရွက်မည်


2017.09.15
rakhine-committee-meeting-622.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေးကို စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပစဉ်
Photo: Information Committee facebook

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နဲ့ စုံစမ်စစ်ဆေးရေး ကော်မရှင်တို့က တင်ပြထားတဲ့ အကြံပြုချက်တွေ ထဲက တကယ်အကျိုးရှိမယ့်အချက်တွေကိုပဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မနေ့က နေပြည်တော် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးမှာ အစည်းအဝေးကျင်းပပြီး အခုလိုဆုံးဖြတ်ခဲ့တာလို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"ဒီအကြံပြုချက်အားလုံးအပေါ်မှာလည်း အကုန်လုံးကို အကောင်အထည်ဖော်စရာလည်းမလိုဘူး၊ အကုန်လုံး အကောင်အထည်ဖော်ရမယ်လို့လည်း မဟုတ်ဘူး၊ ဒါပေမဲ့ ကျနော်တို့နိုင်ငံနဲ့ ကျနော် တို့ ပြည်သူအတွက် အကျိုးရှိမယ်၊ ရခိုင်တိုင်းရင်းသားတွေ ရခိုင်ဒေသအတွက်အကျိုးရှိမယ်၊ ရခိုင်ဒေသမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ပိုပြီးတော့ ငြိမ်းချမ်းကောင်းမွန်သွားအောင်ပေးမယ်၊ ကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေဟာ လက်ရှိမြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေ နဲ့ ဆောင်ရွက်လို့ရတယ်၊ ကိုက်ညီတယ်၊ အကျိုးရှိမယ့်ကိစ္စတွေဆိုရင် ဆောင်ရွက်မယ်"

ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ရဲ့ အကြံပြုချက် ၈၈ ချက်ရှိ ပြီး ဒု-သမ္မတ ဦးမြင့်ဆွေဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက် ၄၈ ချက်ရှိတာ ဖြစ်ပါတယ်။

အဲဒီအကြံပြုချက်တွေအားလုံးထဲမှာ ရခိုင်ပြည်သူတွေ၊ ရခိုင်ဒေသအတွက် တကယ်အကျိုးရှိမယ့် အချက်တွေကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။

အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှာ ဝန်ကြီးဌာန ၁၀ ခုကျော်တို့ ပါဝင်ကြပြီး မြေပြင် ကွင်းဆင်းဖို့အတွက် လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စတင်မယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။