ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်က ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

2012.09.17
rakhine-investigate-commission-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်က ရှင်းလင်းပြောကြားနေစဉ်။
RFA

သတင်းစာရှင်းလင်းပွဲကို ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်၊ အဖွဲ့ဝင်တွေထဲက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ သတင်းစာဆရာ မောင်ဝံသ ခေါ် ဦးစိုးသိမ်း၊ အနုပညာရှင် ဦးသူရနဲ့ ပါမောက္ခ ဒေါက်တာ ရင်ရင်နွယ်တို့ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ဖြစ်ရပ်တွေဟာ ချက်ချင်းဖြေရှင်းလို့ မရတဲ့ ပြဿနာဖြစ်တဲ့အပြင် နိုင်ငံတကာက လက်ခံနိုင်တဲ့ အဖြေတစ်ရပ်ကို ရှာဖွေနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

"နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ဒီကိစ္စကို ဒီလောက် ၁ လ၊ ၂ လလေးနဲ့လုပ်ရမယ်ဆိုရင်တော့ ရှင်းရှင်းပြောရရင် သိပ်လွယ်တဲ့ကိစ္စမဟုတ်ဘူး။ နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံ အကျိုးစီးပွားနဲ့ဦးထိပ်ထားပြီးလုပ်ရသလို တစ်ဖက်က နိုင်ငံတစ်ကာရဲ့ မျက်နှာစာမှာ ကျွန်တော်တို့အမြင်လေး လက်ခံနိုင်ဖို့ Solution ရှာရမှာ။ အဲဒီတော့ အကုန်လုံးကို ကျွန်တော်တို့ကျေနပ်နိုင်အောင်၊ အများလက်ခံနိုင်တဲ့ အဖြေတစ်ခုကို ထုတ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်"

စုံစမ်းရေးကော်မရှင်ဟာ ရခိုင်ပြည်နယ်က မြို့ရွာတချို့ကို သွားရောက်လေ့လာခဲ့ရာမှာ ကိုယ်မေးမြန်းလိုတဲ့သူတွေကို လွတ်လပ်စွာ မေးမြန်းခွင့် ရခဲ့တယ်လို့ ဒီကော်မရှင်ရဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ refugee camps တွေနဲ့ နောက်ကျေးရွာတွေကို သွားခဲ့ပါတယ်။ သွားတဲ့အခါမှာ ကျွန်တော်တို့က မူဆလင်ရွာတွေကော၊ မူဆလင် camps တွေကော၊ နောက် ရခိုင်ရွာ၊ ရခိုင် camps တွေ အားလုံးကိုသွားပါတယ်။ သွားတဲ့အခါမှာ များသောအားဖြင့် ကျွန်တော်တို့က ရွာတွေကို ရောက်ပြီဆိုလို့ရှိရင် တချို့ရွာတွေမှာကတော့ ဗလီတွေ ဘာတွေ ရှိတယ်ဆိုရင် တစ်ခါတစ်လေကျလို့ရှိရင် တစ်ရွာလုံး သူတို့ရပ်မိ ရပ်ဖတွေကို ကျွန်တော်တို့ နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့စကားပြောချင်တဲ့လူနဲ့ပဲ အခန်းထဲမှာ ကျန်ပြီးတော့ အစိုးအရအဖွဲ့ တာဝန်ရှိတဲ့လူ၊ ကျေးရွာက လူတွေအားလုံးကို ကျွန်တော်တို့ အပြင်ထွက်ခိုင်းပြီးတဲ့အခါမှာ လွတ်လွတ်လပ်လပ် မေးပါတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် ကျွန်တော်တို့ပြောချင်တာတွေကိုတော့ လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်။ အစိုးရက ရွေးပေးတဲ့လူ၊ ရပ်ရွာက ရွေးပေးတဲ့လူဆိုပြီး ကျွန်တော်တို့က အဲဒီလိုမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့တစ်ကယ်တမ်း မေးချင်တဲ့လူကိုပဲ ကျွန်တော်တို့က ရွေးပြီးတော့ မေးပါတယ်"

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အခုလထဲမှာ နောက်ထပ်တစ်ကြိမ် ရခိုင်ပြည်နယ်ကို တစ်ဖွဲ့လုံး သွားရောက် လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာ ၇၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။