ရခိုင်ပြည်နယ် အကြံပေးကော် မရှင် ပြင်ဆင်ဖွဲ့စည်းပေးဖို့ အဆို မဲခွဲရှုံးနိမ့်
2016.09.06

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေမှာ ကော်မရှင်ဖွဲ့စည်းခွင့် မပါတဲ့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဖွဲ့စည်းတာဟာ ဥပဒေရဲ့အပေါ် ကို ရောက်နေကြောင်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်တွင်းပညာရှင်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒီနေ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦးက ဆွေးနွေးရာမှာ ဦးဦးလှစော က ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအရေးကြီးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ပါဝင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၂၂ ဦးက အဆိုကို ကန့်ကွက်ပြီး နိုင်ငံတကာ ကလေးစားရတဲ့ ကိုဖီအာနန်လို ပုဂ္ဂိုလ်မျိုးက ကော်မရှင်မှာ ဦးဆောင်တာ သင့်တော်တဲ့အကြောင်းနဲ့ နှစ်ပေါင်း များစွာ မဖြေရှင်းနိုင်ခဲ့တဲ့ ရခိုင်အရေးကို ဒီကော်မရှင်က ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ဆွေးနွေး ခဲ့ကြပါတယ်။
ထောက်ခံဆွေးနွေးခဲ့တဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ရခိုင်အမျိုးသားပါတီ နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ က ပြည်တွင်းကိစ္စမှာ ပြည်ပနိုင်ငံသားတွေ ပါဝင်နေတာဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေပြီး ရခိုင်ဒေသခံတွေ လက်မခံတဲ့အတွက် ရခိုင်အရေးဟာ ပြေလည်မှာမဟုတ်ကြောင်း ပြည်တွင်းက ပညာရှင်တွေ နဲ့သာ ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း ဆွေးနွေးကြပါတယ်။
အဲ့ဒီအဆိုကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် က အတည်မပြုသင့်ကြောင်း တင်ပြခဲ့တဲ့အတွက် အဆိုတင်သွင်းသူရဲ့ ဆုံးဖြတ်ချက်အရ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူ ၂၅၀ ကျော်ရှိ ပြီး ထောက်ခံသူ ၁၄၀ ကျော်သာရှိတဲ့အတွက် အဆိုရှုံးနိမ့်သွားပါတယ်။