ရခိုင်ပြည်နယ် လုံခြုံရေးနဲ့အုပ်ချုပ်ရေး ပိုကောင်းမွန်ရေး တင်ပြ
2013.11.04
ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာနယ်စပ်မှာရှိတဲ့ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေးတွေကို ပိုကောင်းအောင် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြရာမှာ ပြည်သူ့လွှတ်တော်က အဆိုကို မှတ်တမ်းတင်ထားခဲ့ပါတယ်။
အဲဒီအဆိုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို RFA က မေးမြန်းရာမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက အခုလို ဖြေကြားပါတယ်။
“နိုင်ငံတော်အစိုးရတစ်ခုတည်း လုပ်လို့မရဘူး၊ နိုင်ငံတော်အစိုးရရော ဝန်ထမ်းတွေရော အဓိကက ပြည်သူတွေပေ့ါ၊ ဒီလိုရှည်လျားတဲ့ ဒီကမ်းရိုးတန်းတစ်လျှောက် ဒီဘက်ကလူထုက သတင်းပေးတာတွေ စစ်ဆေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေ့ါ၊ ဒါကြောင့် တရားမဝင် ဝင်ရောက်မှုမရှိအောင် အတတ်နိုင်ဆုံးတော့ ရဲတွေရော တပ်မတော်ရောလုပ်တယ်၊ မိတယ်ဆိုတာနဲ့ တပြိုက်နက် ကိုယ်တို့ကလည်း အရေးယူတယ်”
ရခိုင်ပြည်နယ်မှာ ဒုက္ခသည်ကူညီရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မျှမျှတတဖြစ်အောင်ကူညီဖို့အတွက် အစိုးရကကြိုးစားနေကြောင်းလည်း ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောပါတယ်။