လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမြို့ပေါ် လူ နှစ်ထောင်နီးပါး ထွက်ပြေး
2024.05.16

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မြောက်ဘက် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးမှာရှိတဲ့ လင်းသီနဲ့ပြင်ရောင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာရပြီး နှစ်ထောင်နီးပါးက သံတွဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လင်းသီရွာခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေယာဉ်နဲ့ရော လက်နက်ကြီးနဲ့ပါ မေလ ၁၅ ရက်ကစပြီး နှစ်ရက်ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ သံတွဲမြို့ပေါ်ကို ထွက်ပြေးနေရတယ်လို့ လင်းသီရွာခံတစ်ဦးက ပြောပါတယ်။
"ပြင်ရောင်းကို ပစ်နေတယ်။ လက်ရှိလည်း ပစ်နေတယ်။ လက်နက်ကြီးနဲ့ပစ်နေတယ်။ ပြင်ရောင်းရွာပတ်ပတ်လည်ကို ကျနေတယ်။ လင်းသီက တော်တော်များများ ပြင်ရောင်းကို ဆုတ်နေတယ်။ နောက်ထပ်လူတော်တော်များများ မြို့ကိုရောက်သွားပြီ။ အခုလင်းသီက တစ်ဝက်လောက်နဲ့ ပြင်ရောင်းက သူတစ်ဝက်လောက်က မြို့ဘက်ကိုရောက်သွားပြီ။ အခု ပြင်ရောင်းကို လက်နက်ကြီးနဲ့ ပတ်ပတ်လည်ပစ်နေတယ်။ ဒါပေမဲ့ ပြင်ရောင်းသည်လည်း AA နဲ့ ဆက်စပ်မှုမရှိဘူး။ ”
လင်းသီရွာက ဒေသခံ ၁၅၀၀ ခန့်နဲ့ ပြင်ရောင်းရွာက ၅၀၀ ခန့်ဟာ မေလ ၁၆ ရက်နေ့မှာ သံတွဲမြို့ပေါ်ကို ထွက်ပြေးတဲ့အခါ စစ်ကောင်စီက ရက္ခိုင့်တပ်တော် ( AA )တပ်ဖွဲ့ဝင်တွေ ပါ၊ မပါ စစ်ဆေးမေးမြန်းပြီးမှ မြို့ထဲကို ဝင်ခွင့်ပြုတယ်လို့ ထွက်ပြေးနေသူတွေက ပြောပါတယ်။
အဲဒီရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က မေလ ၁၄ ရက်နေ့ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ကိုးဦး သေဆုံးခဲ့ပါတယ်။
လင်းသီရွာတံတားဦးနားမှာ စစ်ကောင်စီရဲ့ ခလရ ( ၅၅) နဲ့ ခမရ (၅၆၆ ) တပ်ရင်းတို့ စခန်းချထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဒေသခံမရှိတော့တဲ့ လင်းသီရွာထဲက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ဧပြီလကစပြီး သံတွဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်( AA )တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒေသခံတွေ ထွက်ပြေးနေရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။