စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ဝ ကျော် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေး

RFA Burmese
1924.02.05
စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ဝ ကျော် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေး ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နှင့်အတူ တွေ့ရစဉ်။
Photo: AFP

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် အနည်းဆုံး ၉၅ ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတယ်လို့ ရိုက်တာသတင်းက ဖေဖော်ဝါရီ ၅ ရက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားချိန်မှာ ထွက်ပြေးလာကြတာဖြစ်ပြီး တချို့က ဒဏ်ရာရထားပါတယ်။

မြန်မာဘက်ခြမ်းက ပစ်ခတ်သံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ မြန်မာနယ်စပ်မှာရှိတဲ့ ကော့ဘဇားက ကြားရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ လက်နက်တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်လာတာဖြစ်ပြီး ၁၅ ယောက်က ဒဏ်ရာရထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပြောခွင့်ရ Shariful Islam က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီ BGP တပ်ဖွဲ့ဝင်တွေကို လောလောဆယ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှာ ထိန်းသိမ်းထားပြီး သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြောပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံတွေမှာ ကုသပေးနေပြီး BGP တပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံပြန်မပို့ခင် Bandarban ခရိုင်မှာ ထားရှိတယ်လို့လည်း ရိုက်တာသတင်းမှာ ပါရှိပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က ပြည်တွင်းနေရပ်ရွှေ့ပြောင်း ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။