ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး ဒေါ်လာနှစ်သောင်းလှူဒါန်း
2018.06.24

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး အမေရိကန်ဒေါ်လာ နှစ်သောင်း လှူဒါန်းခဲ့ပါတယ်။
တနင်္ဂနွေနေ့ ညနေပိုင်းက နယူးယောက်မြို့၊ မန်ဟင်တန် က ဟိုတယ်တခုမှာ လှူဒါန်းပွဲ ကျင်းပခဲ့တာပါ။
လှူဒါန်းပွဲနဲ့ ပတ်သက်ပြီး Burma Point အဖွဲ့ က ကိုမိုးချမ်း က အခုလိုပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် UEHRD အတွက် ကို ဒေါ်လာနှစ်သောင်း ရန်ပုံငွေရတယ်၊ အဲဒါကိုကျနော်တို့က နိုင်ငံရေးအဖွဲ့ရော လူမှုရေးအဖွဲ့ရော စီးပွားရေးအဖွဲ့ရော အားလုံးပေါင်း ၈ ဖွဲ့ပေါင်းပြီးတော့မှ ရခိုင်ပြည်နယ်အတွက် ပေးအပ်တယ်"
အခုလို လှူဒါန်းရာမှာ ဆရာဝန်အသင်း၊ မြန်မာ အမေရိကန် ကုန်သည်များအသင်း၊ တရုတ်မြန်မာအသင်း စတဲ့အဖွဲ့အစည်းတွေနဲ့ တသီးပုဂ္ဂလ အလှူရှင်တွေက စုပေါင်းလှူဒါန်းခဲ့ကြတာလို့ သိရပါတယ်။
အလှူငွေ အမေရိကန်ဒေါ်လာ နှစ်သောင်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း က လက်ခံခဲ့ပါတယ်။
UEHRD ခေါ် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု၊ အကူအညီအထောက်အပံ့ပေးရေး ၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းအဖွဲ့မှာ ဥက္ကဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ လူမှုဖူလုံရေးရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုဥက္ကဌအဖြစ် ဆောင်ရွက်နေပါတယ်။