လူ့အခွင့်အရေးအစီရင်ခံစာသစ်တွင် ထူးခြားသော အချက်များပါဝင်
2010.10.20

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အောက်တိုဘာလ ၂၀ ရက်နေ့ ဒီကနေ့ မြန်မာစံတော်ချိန်ည သန်းခေါင်ကျော်မှာ မစ္စတာကင်တားနားက ကိုယ်တိုင် အစီရင်ခံ တင်ပြမှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး အစီရင်ခံစာသစ်မှာ ရွေးကောက်ပွဲ မတိုင်မီ မရှိမဖြစ် အရေးပါတဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် ဟောပြောခွင့်၊ လွတ်လပ်စွာ စုရုံးစည်းဝေးခွင့် နဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ပိုကန့်သတ်ထားတာ တွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ အာဏာပိုင်တွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းပြီး အရေးယူဖို့ အရေးပါသလို မြန်မာအစိုးရအနေနဲ့ တာဝန်လည်း ရှိကြောင်း၊ အစိုးရက စုံစမ်း ဖော်ထုတ်ဖို့ ပျက်ကွက်ရင်၊ ဒါမှမဟုတ် စုံစမ်း ဖော်ထုတ်နိုင်စွမ်း မရှိရင် ဒီတာဝန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အပေါ်မှာ ကျရောက်လာကြောင်း၊ ဒါ့ကြောင့် စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု မြောက်မမြောက် စုံစမ်း စစ်ဆေးရေး ကုလသမဂ္ဂ ကော်မရှင်တရပ်ဖွဲ့ဖို့ နိုင်ငံတကာမှာ တာဝန်ရှိကြောင်းလည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဒီကနေ့ တင်ပြမဲ့ အစီရင်ခံစာသစ်မှာ ထူးခြားပြီး မြန်မာ့နိုင်ငံရေးအတွက် လေးနက်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။
ဒီအချက်တွေကတော့ (၁) ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကန့်သတ်တာတွေ ရှိနေပြီး အခြေခံ ခွင့်ပြုရမဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ် တဲ့ အဖွဲ့အစည်း မဟုတ်သလို နိုင်ငံရေးပါတီတွေအပေါ်မှာ အမျိုးမျိုး ကန့်သတ် ဖိနှိပ်ထားတာ တွေရှိနေကြောင်း၊ (၂) မြန်မာနိုင်ငံမှာ လူသားထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ပြစ်မှုမြောက်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေတယ်ဆိုတာ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေအရ သိရှိပြီး ဒီအမှုတွေ တကယ်ဖြစ်မဖြစ် စုံစမ်းအရေးယူဖို့ ပထမဆုံး မြန်မာအစိုးရမှာ တာဝန်ရှိပြီး၊ မြန်မာအစိုးရက တာဝန်ပျက်ခဲ့ရင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်ရှိကြောင်း၊ ရှင်းရှင်းလင်းလင်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာ အခန်း ၅ ခန်းပါပြီး ပိုဒ်ခွဲ ၉၁ ခု ရှိပါတယ်။
လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ အခင်းအကျင်း၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ တိုင်းရင်းသားအရေး၊ တရားစီရင်ရေး၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေ လေးစားလိုက်နာမှုတွေ ပါဝင်ပါတယ်။
ဒီနောက်မှ အထူးကိုယ်စားလှယ်ရဲ့ နိဂုံးချုပ်နဲ့ တိုက်တွန်း တောင်းဆိုချက် ၅ ချက် ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာပါ ထူးခြားချက်တွေအကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ ၃ ဦးနဲ့ ဆက်သွယ်ပြီး RFA မှ ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။
![]() |
လူ့အခွင့်အရေး အစီရင်ခံစာသစ် |
![]() |
အသံဖိုင်ယူရန် |