မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ အထူးကိုယ်စားလှယ်တင်ပြ
2010.10.21

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအတိုင်းဆိုရင် စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ အတော့်ကို နည်းပါးနေတာ တွေ့ရတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေကို အာဏာပိုင်တွေက နှောင့်ယှက်နေတာတွေ၊ ခြိမ်းခြောက်နေတာတွေလည်း ရှိနေတယ်လို့ မစ္စတာ ကင်တားနားက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။
မစ္စတာကင်တားနားရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂၁၀၀ ဝန်းကျင်ရှိပြီး၊ ၁၉၈၈ ကနေ အခုချိန်ထိ အကျဉ်းထောင်တွေထဲမှာ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၄၄ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိကာလမှာ ကျန်းမာရေး ထိခိုက်နေတဲ့ နိုင်ငံရေးအကျဉ်းသားက စုစုပေါင်း ၁၃၈ ဦး ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာမှာ မြန်မာအာဏာပိုင်တွေက ဖမ်းထားသူတွေကို စိတ်ပိုင်း-ရုပ်ပိုင်း နှစ်မျိုးစလုံးရော၊ လိင်ပိုင်းဆိုင်ရာအရပါ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်တာကို တိုက်ရိုက် သက်သေ ထွက်ဆိုချက်တွေနဲ့ ရေးသားထားပါတယ်။
ဒါ့အပြင် မစ္စတာကင်တားနား က ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေက ကျေးလက်နေပြည်သူတွေ သိန်းချီပြီး ပြည်တွင်း စစ်ပြေးဒုက္ခသည်အဖြစ် တောထဲ တောင်ထဲ ပုန်းအောင်း နေထိုင်ရတာတွေကိုလည်း တင်ပြထားပါတယ်။
တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကလည်း မစ္စတာကင်တားနားရဲ့ အစီရင်ခံစာကို ပြင်းပြင်းထန်ထန် ပြန်လည်ချေပ လိုက်ပါတယ်။ သူက မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ မရှိဘူးလို့လည်း ထပ်မံ ပြောကြားသွားပါတယ်။